အာဂျင်တီးနားမှာ ပျောက်ဆုံးနေသူကို ငါးမန်း ဝမ်းဗိုက်ထဲမှာ ရှာတွေ့

ဖေဖော်ဝါရီ၊ ၂၈

အာဂျင်တီးနား နိုင်ငံမှာ ပျောက်ဆုံးနေသူ တဦးရဲ့ ရုပ်ကြွင်းကို ငါးမန်းတကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ပြန်ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 အသက် ၃၂ နှစ်အရွယ် ဒီယေဂို ဘာရီရာဟာ အခုလလယ်လောက် ကတည်းက ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်း၊ ချူဘွတ် ဒေသမှာ နေထိုင်တဲ့ ဘာရီရာက သူ့ရဲ့ လမ်းကြမ်းမောင်း ယာဉ်ငယ်လေးနဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထွက်ခွာသွားပြီး အဲဒီ ကတည်းက အဆက်အသွယ် ပြတ်တောက်နေခဲ့တာ ဖြစ်ပါတယ်။

 သူပျောက်သွားပြီး ၂ ရက် အကြာမှာတော့ ထိခိုက်ပျက်စီးနေတဲ့ ယာဉ်ငယ်ကို ကမ်းခြေ တစ်နေရာမှာ ရှာတွေ့ခဲ့ပေမယ့် ဘာရီရာရဲ့ သတင်းကိုတော့ မကြားရတော့ပါဘူး။ အခုအခါ ဒေသခံ တံငါတွေက စကူးလ်ငါးမန်း မျိုးစိတ်သုံးကောင်ကို ဖမ်းမိလာရာက ငါးမန်းတကောင်ရဲ့ ဝမ်းထဲမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တွေ့ရှိလာတာပါ။

 အဲဒီထဲမှာ မပျက်စီးသေးတဲ့ ဆေးမင်ကြောင် အမှတ်အသား တစ်ခုကို တွေ့ရှိခဲ့တဲ့နောက် မိသားစုက ဘာရီရာရဲ့ ရုပ်ကြွင်းလို့ အတည်ပြု ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘာရီရာဟာ ကလေး ၃ ဦးရဲ့ ဖခင် ဖြစ်ပါတယ်။

 ရဲတွေကတော့ သေမှုသေခင်းနဲ့ ပတ်သက်လို့ ဆက်လက် စစ်ဆေးသွားမယ်လို့ ပြောပါတယ်။ သေသူဟာ ယာဉ်မတော်တဆမှု တစ်ခု ကြုံပြီး ပင်လယ်ထဲ မျောပါသွားတာလား၊ တခြား အကြောင်းတရား တခုခု ရှိသေးလား ဆိုတာကို တိတိကျကျ စုံစမ်း ဖော်ထုတ်မယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ဒယ်နီရယ်လာ မီလာထရက်ဇ်က ပြောပါတယ်။

 ငါးမန်းသုံးကောင်ကို ဖမ်းမိလာတဲ့ နေရာဟာ ဘာရီရာရဲ့ ယာဉ်ကို နောက်ဆုံးတွေ့ရှိတဲ့ ကမ်းခြေနား တဝိုက်မှာလို့ ဆိုပါတယ်။ စကူးလ်ငါးမန်းတွေဟာ ရေတိမ်ပိုင်းမှာ ကျက်စားတတ်ကြပြီး လူကို အန္တရာယ်ပြု တိုက်ခိုက်တဲ့ အခြေအနေမျိုး မရှိသလောက် နည်းပါးသလို အရမ်းထက်မြက် ကြီးမားတဲ့ သွားတွေလည်း ပိုင်ဆိုင် မထားပါဘူး။ ဝမ်းဗိုက်ထဲမှာ ရုပ်ကြွင်းတွေ ရှာတွေ့ခဲ့တဲ့ ငါးမန်းဟာ ၅ ပေနီးပါးလောက် အရှည်ရှိပါတယ်။

 ရဲတွေ လတ်တလော ယူဆထားတာကတော့ ဘာရီရာဟာ ကမ်းခြေမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး မေ့မျောနေရာက ဒီရေနဲ့အတူ ပင်လယ်ထဲ ဆွဲချခံရပြီး သေဆုံးသွားတော့မှ ငါးမန်းအစား ခံရတာ ဖြစ်နိုင်တယ် ဆိုတာပါပဲ။ သူပျောက်ဆုံးသွားတဲ့ အချိန်က ဒီရေ အတက်အကျ အရမ်းကြမ်းနေခဲ့တယ်လို့လည်း သိရပါတယ်။