ဧရာဝတီတိုင်အတွင်းမှာ ရိုးရာအိုးလုပ်ငန်းတွေပျောက်ကွယ်လုနီးဖြစ်နေ

ဖေဖော်ဝါရီ၊ ၂၈

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နဲ့ရေကြည်မြို့နယ်တွေမှာ ဝင်ငွေရနည်းတာနဲ့ အသုံးပြုသူနည်းပါးတာကြောင့်  ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာတဲ့ ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်သူတွေနည်းလာပြီးလုပ်ငန်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီလို့ ဒေသခံအိုးလုပ်ငန်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။

ပုသိမ်မြို့၊ ကမ်းနားလမ်း စဉ့်အိုးဘိုအရပ်မှာရှိတဲ့ ဘိုးဘွားစဉ်ဆက် အိုးလုပ်ငန်းမှာ အိုးလုပ်ငန်းလုပ်ကိုင်တဲ့ အိုးဖိုပေါင်း ၄၀ ကျော်ဟာ ၂နှစ်တာကာလအတွင်း ရပ်ဆိုင်းသွားပြီးသောက်ရေအိုး၊ တာအိုး၊ ပန်းအိုး၊ အင်တုံ၊ ငရုတ်ဆုံ စတာတွေထုတ်လုပ်တဲ့ အိုးဖို ၄ ဖိုလောက်သာကျန်တော့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“အိုးဈေးကွက် ကပျောက်လာတယ် အိုးလုပ်ငန်းက ရတဲ့ တနေ့တာဝင်ငွေ က တက်ပြီးရင်းတက်နေတဲ့  ကုန်ဈေး နှုန်းတွေ ကြောင့် အိမ်စရိတ် မလောက်ဘူးလေ။အဲ့ဒီတော့ လူငယ်တွေက ပုံမှန်ဝင်ငွေ မဟုတ် တဲ့ မိရိုးဖလာ လုပ်ငန်းကို မလုပ်တော့ဘူး” လို့ ကွင်းလျားရွာက အိုးဖို လုပ်ငန်းရှင် တဦးက  DNA ကိုပြောပါတယ်။

အိုးလုပ်ငန်း လုပ်ကိုင်ရာ မှာ အဓိက လုပ်သားတွေကတော့ အိုးပုံဖေါ်သူ တဦး နဲ့ နောက်လိုက် ၂ဦး တို့ဖြစ်ပြီး အိုးနေလှန်း မီး ထိုး မြေချေ မြေလုံး လုပ်ငန်းတို့ ကို အချိန်ပိုင်း လုပ်သား တို့နဲ့ လုပ်ကိုင်ပြီး အမြင့်ဆုံးတနေ့ လုပ်အားခ ၆၅၀၀ ကျပ် ဖြစ်ပြီး အနိမ့်ဆုံး ၃၅၀၀ ကျပ် ရရှိကြပါတယ်။ 

လက်ရှိအချိန်မှာတော့ အိုးလုပ်ငန်းမှာတနေ့စာဝင်ငွေနည်းပါးတာနဲ့ လူငယ်တချို့ မြို့ကြီးတွေနဲ့ ပြည်ပတွေကို အလုပ်သွားလုပ်ကိုင်တာကြောင့် အိုးလုပ်ငန်း ကျွမ်းကျင် တဲ့ လုပ်သား တွေ နည်းသွားတယ် လို့  အိုး လုပ်ငန်း လုပ် ကိုင် သူတွေကဆိုပါတယ်။

“မြေအိုးအစားထိုး ဒန်၊ ပလပ်စတစ်၊  ဖိုက်ဘာ၊ တာယာ အိုးတွေပေါ်လာတော့ မြေအိုး စဉ့်အိုး ဈေးကွက်ပျက်လာ တယ်။ရောင်းမကောင်းတော့ လုပ်အားခ တိုးမြှင့်ပေးဖို့ အတွက် အဆင်မပြေပြန်ဘူး ။ လက်ရှိမှာ မိသားစု အနေပဲ လုပ်ကြတော့တယ် လုပ်သားမငှားတော့ဘူး။ ရေရှည် မှာခက်ခဲလာတယ်” လို့ ပုသိမ်မြို့ က အိုးလုပ်ငန်း ရှင် တ ဦး က ဆိုပါတယ်။

ဒါ့အပြင် ရေခဲသေတ္တာနဲ့ သောက်ရေသန့်စက်တွေလူသုံးများလာပြီးတဲ့နောက်မှာ စဉ့်အိုးနဲ့ သောက်ရေအိုးတွေကိုလည်း သုံးစွဲသူနည်းလာတာကြောင့် ကျေးလက်ဒေသကို ပိုပြီး အားပြု ရောင်းချနေရတယ် လို့  မြစ်ချောင်းအတွင်း စက်လှေ နဲ့ လှည့်လည် ရောင်းချတဲ့ အိုး ကုန်သည် တွေကပြောပါတယ်။

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေး အဆမတန်တက်လာတာတွေနဲ့ လမ်းခရီးမှာစစ်ဆေးဟန့်တားမှုတွေအပြင် လုယက်မှုတွေများလာကြောင့် ရောင်းဝယ်မှုတွေနည်းပါးတယ်လို့လည်းဆက်ပြောပါတယ်။

အိုးဖုတ်တဲ့ လုပ်ငန်းအတွက် စဉ့်ချော်ကိုတော့ မန္တလေးတိုင်း ကျောက်မြောင်း နဲ့ ရန်ကုန်တိုင်း တွံတေးတို့က ဝယ်ယူ ရပြီး ရွံ့စီး၊ သဲ၊ လောင်စာအတွက် ထင်း ဝါး တို့ကိုတော့ ဒေသတွင်းမှာအလွယ်တကူ ရရှိပါတယ်။

အိုးအမျိုးမျိုး လက်လီလက်ကား ‌ရောင်း ချသူတွေ ဟာ ပုသိမ်မြို့ စဉ့်အိုးဘိုအရပ် နဲ့ ‌ရေကြည်မြို့နယ် ကွင်း လျားရွာ က ထုတ်လုပ်တဲ့ အိုးတွေ ကို ရန်ကုန်တိုင်း ၊ပဲခူးတိုင်း ၊ ရခိုင် ပြည်နယ် နဲ့ ဧရာဝတီတိုင်း အတွင်း ကမြို့ နယ် တွေ က ကျေးလက် ဒေသ ကို လည့်လည်ရောင်းချတဲ့ အမှာရှိတဲ့ မြို့ပြက အိုးအရောင်းဆိုင်ကြီးတွေ ကို တင်ပို့ ရောင်း ချကြပါတယ်။