အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ခွင့်ရပ်ဆိုင်းပြန်၊ တရက်တာအသုံးပြုခွင့်ရချိန် ငွေကြေးလိမ် လည်ခံရသူတွေလည်းရှိ

ဖေဖော်ဝါရီ၊ ၂၇

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ကို ဖေဖော်ဝါရီ ၂၄ရက်မှာ ပြန်ခွင့်ပြုပြီးနောက်လေးရက်အကြာ ဒီကနေ့မှာ ပြန်ရပ်ဆိုင်းလိုက်ပြန်ပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ဖို့အတွက် အွန်လိုင်းကနေ ရက်ချိန်းယူတဲ့စနစ်ကို ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတခုတည်းအတွက်သာ ခွင့်ပြုခဲ့တာဖြစ်ပေမယ့် တရက်သာ အသုံးပြုခွင့်ရခဲ့ပြီး စနစ်ပြန်လည်ပြင်ဆင်ဖို့ရှိလို့ ဆိုကာ ပြန်ရပ်ဆိုင်းလိုက်တာပါ။

အွန်လိုင်းကတဆင့်နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ဖေဖော်ဝါရီ ၂၄ရက်ကစလို့ပြန်လက်ခံမယ်လို့ ကြေညာပြီး နောက် အဲ့ဒီစနစ်အသုံးပြုသူ ၈၅၀၀ကျော်ရှိခဲ့ပြီး နည်းပညာအဆင်မပြေမှုတချို့ကြုံရတယ်လို့ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ကဆိုပါတယ်။

အဲဒီလိုအဆင်မပြေမှုတွေကြောင့် ဖေဖော်ဝါရီ ၂၅မှာ အွန်လိုင်းကလျောက်ထားခွင့်ကို တရက် ရပ်ဆိုင်း ကြောင်းကြေ ညာခဲ့ ပေမယ့် နောက်ရက်တွေမှာလည်းဝင်လျှောက်မရဘဲ ဒီနေ့မှာတော့ နည်းပညာဖြေရှင်းရ မှာတွေရှိလို့ ပြန်လျှောက်ထားနိုင်မယ့်နေ့ကိုကြေညာပေးမယ်လို့ ထပ်မံအသိပေးလာတာပါ။

“သူတို့ကအခုမှအသိပေးတာ၊စလျှောက်ခွင့်ပေးတဲ့နေ့ကတည်းက ပေးထားတဲ့ လင့်ခ်ထဲဝင်မရဘူး၊ ရတဲ့သူအ နည်း စုပဲရှိတယ်”လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ကြိုးစားနေသူတဦးကပြောပါတယ်။

 အခုလိုနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ပြုတဲ့နေ့မှာပဲ လျှောက်ထားလိုသူတွေများပြားခဲ့သလို ငွေကြေးလိမ် လည်မှုတွေလည်းဖြစ်ခဲ့တယ်လို့အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေကဆိုပါတယ်။ အခုပြန်လည်ခွင့်ပြုတဲ့ နိုင်ငံကူး လက် မှတ်လျှောက်ထားခွင့်ရက်ချိန်းယူတဲ့စနစ်မှာ ကုန်ကျပေးသွင်းရမယ့်စရိတ်ကိုတပါတည်းပေး သွင်းရတာကြောင့် ကိုယ်တိုင်မလုပ်တတ်သူတွေကို ရက်ချိန်းယူပေးမယ်လို့ဆိုကာ ငွေကြေးလိမ်လည်မှုတွေရှိနေတယ်လို့  သူတို့က ပြောပါတယ်။

“အရင် QR(ရက်ချိန်းပေးစနစ်)နဲ့တောင် QRအတုတွေနဲ့လိမ်နေကြတာ၊ အခုကငွေကြိုသွင်းရတဲ့ဟာတွေ ထပ် ထည့်ထားတော့ အဲဒီငွေပါအလိမ်ခံရတာတွေဖြစ်နေတာ၊လုပ်စားမယ့်သူတွေအကြိုက်ဖြစ်သွားတာပေါ့”လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းနဲ့အကျွမ်းဝင်သူတဦးကပြောပါတယ်။

 လက်ရှိနိူင်ငံကူးလက်မှတ်လျှောက်ထားခွင့်ရယူရာမှာ အသစ်ပြုလုပ်မယ့်သူတွေ ကျပ် ၃၅၀၀၀နဲ့ ပျောက်ဆုံး/ ပျက် စီးသူတွေက ကျပ် ၇၀၀၀၀ ကျော်ကို အွန်လိုင်းငွေးပေးချေမူစနစ်ကနေကြိုတင်ပေးသွင်းပြီးမှ ရက်ချိန်းပေး နေ တာဖြစ်ပါတယ်။

ဒါပေမယ့် ငွေပေးသွင်းပြီးတဲ့နောက် ဖောင်ဖြည့်မရတာ၊ ရက်ချိန်းပြန်မရတာစတဲ့ပြဿနာတွေရင်ဆိုင်နေကြရ တယ်လို့ ကိုယ်တိုင်လျှောက်ထားခဲ့သူတွေကဆိုပါတယ်။

အဲဒီလိုငွေအရင်သွင်းပြီးဆက်ပြီးလျှောက်ထားရမယ့်လုပ်ငန်းတွေလုပ်မရတဲ့ဖြစ်ရပ်တွေဘယ်လောက်ရှိနေလဲဆိုတာကိုအတိအကျမသိရသေးသလို ဘယ်လိုတာဝန်ယူဖြေရှင်းပေးမယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့က အသိပေးထားတာမရှိသေးပါဘူး။

ကျသင့်ငွေပေးချေပြီးပေမယ့် နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ရက်ချိန်ကျမလာသူတွေအနေနဲ့ Website ရဲ့ Home Page က ရက်ချိန်းစစ်ဆေးရန်ခလုတ်ကိုနှိပ်ပြီး အချက်အလက်တွေဖြည့်ကာ စစ်ဆေးနိုင်တယ်လို့ နိုင်ငံကူးလက် မှတ်ထုတ်ပေးရေးအဖွဲ့က ကြေညာထားပေမယ့် လက်ရှိမှာ အဲ့ဒီ website ကို ဝင်မရဖြစ်နေကြတာပါ။

“အရင်လုပ်နေကျပွဲစားတွေကအခုပြန်ဖွင့်တဲ့အချိန်မှာအခြေအနေစောင့်ကြည့်ရုံပဲရှိတယ်၊သူတို့သုံးတဲ့နည်းပညာကိုသိပ်မယုံကြည်လို့၊နာမည်ပျက်မခံချင်လို့မလုပ်ကြဘူး၊လိမ်ညာတဲ့သူတွေဘဲ ပွဲခံနေကြတာ၊ အလိမ်ခံရသူတွေက အခုဆိုကြိုတင်ပေးသွင်းငွေတွေပါထပ်ပေးနေရတာ၊ဒီစနစ်ကဘယ်လိုမှအဆင်မပြေဘူး”လို့ နီးစပ်သူတဦးက ပြောပါတယ်။

အခုလို နိူင်ငံကူးလက်မှတ်ပြန်ဖွင့်ပေးလိုက်တယ်ဆိုတဲ့နောက်မှာ အဲဒီကဝန်ထမ်းတွေနဲ့ ဆက်စပ်သူတွေကတော့ အာမခံချက်အခိုင်အမာနဲ့ လက်ကြိတ်ထိုးလုပ်ဆောင်ပေးနေတာရှိတယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။

အဲ့ဒီလို နီးစပ်သူတွေကနေ ချိတ်ဆက်လုပ်မယ်ဆိုရင် နိုင်ငံကူးလက်မှတ်တခုကို ကျပ် သုံးသိန်းထက်မနည်း ပေါက်စျေးရှိနေတယ်လို့လည်းအဲ့ဒီအသိုင်းအဝိုင်းက သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ စစ်ကောင်စီ ကနိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းကစလို့ကန့်သတ်မှုတွေလုပ်ခဲ့ပြီးဒီနှစ် ဇန်နဝါရီလ လယ်မှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။