ဖေဖော်ဝါရီ၊ ၂၇
တရုတ်ဟာ ထိုင်ဝမ်ကို လက်တွေ့ ကျုးကျော် သိမ်းပိုက်နိုင်တဲ့ စွမ်းရည်မျိုး ရှိမရှိဆိုတာ သံသယ ဝင်စရာ အချက်တွေ တွေ့နေရတယ်လို့ အမေရိကန် စစ်ထောက်လှမ်းရေးက ပြောပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်က ၂၀၂၇ ခုနှစ်ရောက်ရင် ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်တဲ့ အဆင့်မျိုးထိ အားဖြည့် တည်ဆောက်ထားဖို့ တရုတ် စစ်တပ်ကို အမိန့်ပေးထားတယ်လို့ အမေရိကန် ထောက်လှမ်းရေးဌာန CIAရဲ့ အကြီးအကဲ ဝီလျံဘန်းစ်က ဆိုပါတယ်။
ဒါပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့စစ်ပွဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာကို ကြည့်ရင် တရုတ်ရဲ့ ကျူးကျော်စစ် အလားအလာနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းက သံသယ ဝင်စရာတွေ ရှိလာတယ်လို့ ဘန်းစ်က ဆက်ပြောပါတယ်။
သူက စစ်အင်အားသုံး သိမ်းယူတဲ့ နည်းလမ်းနဲ့ဖြစ်စေ၊ ထိုင်ဝမ်ကို မရမက ထိန်းချုပ်ဖို့ ဆိုတာက တရုတ် သမ္မတ ရှီရဲ့ အကြီးမားဆုံး ရည်မှန်းချက်တစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရုတ်စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကို ၂၀၂၇ လောက်မှာ ထိုင်ဝမ် ကျူးကျော်စစ်အတွက် လိုအပ်သလို အသင့်ပြင်ထားဖို့ ရှီက ပိုပြီး လူသိရှင်ကြား ညွှန်ကြားလာခဲ့ကြောင်း၊ ဒါပေမဲ့ ဒီညွှန်ကြားချက်ကြောင့် အဲဒီနှစ်မှာ သေချာပေါက် တရုတ်က ထိုင်ဝမ်ကို ကျူးကျော် စစ်ပြုလိမ့်မယ်လို့တော့ တထစ်ချ မသတ်မှတ်နိုင်ကြောင်း ဘန်းစ်က CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက် ပေးခဲ့ပါတယ်။
မျက်မှောက်ခေတ် အပြောင်းအလဲတွေကို လေ့လာ ဆန်းစစ်ကြည့်တဲ့အခါ ရှီဦးဆောင်တဲ့ တရုတ်စစ်တပ်အနေနဲ့ တကယ်တမ်း အောင်မြင်တဲ့ ကျူးကျော်စစ် ဆင်နွှဲနိုင်ခြေနဲ့ ပတ်သက်ပြီး သံသယ ဝင်စရာတွေ အများကြီး ရှိလာတယ်လို့လည်း ဘန်းစ်က ပြောကြားသွားပါတယ်။
ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ်အပြီးမှာ ကွန်မြူနစ်ပါတီ ထိန်းချုပ်ထားတဲ့ တရုတ် ပြည်မကြီးကနေ ခွဲထွက်ပြီး ကိုယ်ပိုင် အုပ်ချုပ်မှု စနစ်နဲ့ သီးခြား ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သလို လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းပိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက် သတိပေးထားဖူးပါတယ်။ ထိုင်ဝမ်ကို ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကလည်း အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုလို့ အသိအမှတ် ပြုမထားပါဘူး။
၁၉၇၉ ခုနှစ်မှာ အမေရိကန် သမ္မတ ဂျင်မီကာတာက ထိုင်ဝမ်ဟာ တရုတ် အစိုးရရဲ့ ပိုင်နက်နယ်မြေ တစ်ခုအဖြစ် တရားဝင် အသိအမှတ် ပြုခဲ့သလို ထိုင်ဝမ်နဲ့ တိုက်ရိုက် သံတမန် ဆက်ဆံမှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ တည်မြဲ အားကောင်းစေဖို့ အမေရိကန်က ကဏ္ဍပေါင်းစုံ ထောက်ပံ့မှုတွေ အစဉ်တစိုက် ပြုလုပ်ပေးခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာတော့ တရုတ်ကသာ ထိုင်ဝမ်ကို ကျူးကျော်လာရင် အမေရိကန် တပ်တွေက ပါဝင်ကူညီ ကာကွယ်ပေးသွားဖွယ် ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်က ထိုင်ဝမ် ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းစေလိုကြောင်းလည်း သဘောထား ထုတ်ပြန်ထားပါတယ်။
Ref: AP