မြိုင်မြို့နယ်က စာသင်ကျောင်း လေကြောင်းက တိုက်ခိုက်ခံရ

ဖေဖာ်၀ါရီ၊ ၂၅

မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာတောင်ဘက် မကျည်းကန်ကျေးရွာက မူလတန်းကျောင်းကို စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မနက် ဆယ်နာရီခွဲ နာရီဝန်းကျင်မှာ Mi – 35 ရဟက်ယာဉ်တစီးနဲ့ အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 “စာသင်ကျောင်းကိုပစ်သွားတယ်ဗျာ၊ကလေးတွေကလည်းရှိတယ်၊အထဲမှာစာသင်နေတာ၊ ကျောင်းဆောင်ကို တည့်ပစ်သွားတာ”လို့ ဗဟင်း  ဒေသခံတဦးကပြောပါတယ်။

 စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်ပေါ်ကနေ လက်နက်ကြီး၊စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး ကျောင်းသားတွေနဲ့ ဒေသခံတွေ တိမ်းရှောင်နေတဲ့ နေရာတွေကို ထိမှန်တာမရှိလို့ လူထိခိုက်မှုတော့ မရှိဘူးလို့သိရပါတယ်။

စစ်ကောင်စီက လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဘယ်လိုအကြောင်းကြောင့်အခုလိုစာသင်ကျောင်းကို လာရောက်တိုက်ခိုက်တယ်ဆိုတာနားမလည်ဘူးလို့လည်းသူကပြောပါတယ်။

 “ကံကောင်းလို့ ကလေးတွေပြေးပုန်းတဲ့ဘက်ကိုမမှန်တာ။ မှန်ခဲ့ရင်တော့ ဒုတိယလက်ယက်ကုန်းပဲ” လို့ သူကပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ဖို့ ရဟတ်ယာဥ်လာတဲ့အချိန်မှာ အခြေအနေအေးဆေးနေတဲ့အတွက် မကျည်းကန်ကျေးရွာက ပြည်သူတချို့က ထွက်ကြည့်ခဲ့ကြသေးတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်တဲ့ မကျည်းကန်ရွာမူလတန်းကျောင်းဟာ သုံးပင်အဆောက်အဦးဖြစ် ပြီး ပစ်ခတ်မှုဖြစ်ချိန်မှာ ကလေးတွေကို စာသင်ကျောင်းဆောင်အနောက်ဘက်ခုံတွေအောက်မှာ ဆရာ ၊ဆရာမတွေက ပုန်းခိုခိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 စစ်ကောင်စီရဲ့ လေကြောင်းကနေပစ်ခတ်မှုကြောင့် မကျည်းကန်ရွာမူလတန်းကျောင်းအနီးအိမ်က နွားတကောင် သေဆုံးပြီး နှစ်ကောင်ထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်းဒေသခံတွေဆီကသိရပါတယ်။

မကျည်းကန်ကျေးရွာအနီးက ဗဟင်းရွာက တိုက်နယ်ဆေးရုံလည်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ရက်မှာ လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။

ဗဟင်းရွာဟာ တိုက်နယ်ဆေးရုံရှိရာရွာကြီးဖြစ်သလို အရင်ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချတပ်စွဲ လေ့ရှိတဲ့ ရဲစခန်းလည်းရှိခဲ့ပါတယ်။

ဒေသကာကွယ်ရေးတပ်တွေက အဲ့ဒီရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ မကြာ ခဏ ကြိုးစားလေ့ရှိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကိုစွန့်ခွာခဲ့ကြပါတယ်။အဲ့ဒီလိုစခန်းစွန့်ခွာသွားပြီးနောက် ဗဟင်းရွာ တဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာမကြာ ပြုလုပ်နေတာဖြစ်ပါတယ်။