မြိုင်မြို့နယ် ကနီရွာက ကင်းပတ်ထွက်လာတဲ့ပျူစောထီးတွေ မိုင်းခွဲတိုက်ခိုက်ခံရလို့ နှစ်ဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာကနေ ကင်းပတ်ထွက်လာတဲ့ အင်အားဆယ်ဦးဝန်းကျင်ပါ ပျူစောထီး အဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာမှာ နှစ်ဦးသေဆုံးတယ်လို့ Myaing Villages Revolution Front (MVRF) က ဒီကနေ့ အောက်တိုဘာ ၇ ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

ပျူစောထီးတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ ကန်နီကျေးရွာကနေ အောက်တိုဘာ ၃ ရက် မနက်ရှစ်နာရီဝန်းကျင်မှာ ကင်းလှည့်ဖို့ထွက်လာတဲ့ အဖွဲ့ဝင်ကို ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“သူတို့က စားနပ်ရိက္ခာတွေပြတ်လပ်လာပြီဆိုရင် ဘေးကရွာတွေကို ခိုးတယ်ယူတယ် လုတယ်ပေါ့၊ ဘေးရွာ တွေထွက်ပြီး လက်နက်အားကိုးနဲ့ ပြည်သူတွေခြိမ်းခြောက်ပြီးတော့ ပစ္စည်းတွေယူတာတွေရှိတယ်၊ အဲ့ဒါကြောင့် သူတို့လာမယ့်လမ်းတွေမှာ မိုင်းတွေကိုထောင်ထားခဲ့တာပါ” လို့ MVRF ပြန်ကြားရေးတာဝန်ခံက DNA ကိုပြော ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တိ ကျသေချာတဲ့သတင်းအရသိရကြောင်း ပြန်ကြားရေး တာဝန်ခံကဆိုပါတယ်။

“လောလောဆယ်တော့ သူတို့ထပ်ပြီးထွက်လာတာမရှိသေးဘူး၊ သူတို့ကြောက်အားကြီးနေမှာ၊ ကန်နီရွာရဲ့ ပတ် ပတ်လည်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတဲ့အတွက် သူတို့လည်း သေမှာတော့ကြောက်မှာပဲ၊ ပတ်ပတ် လည် မှာလည်း မလွတ်အောင်ထောင်ထားတဲ့ အနေအထားတွေရှိနေလို့ ထပ်ထွက်လာလည်း ထပ်ခံရဖို့ပဲရှိတာပဲ” လို့ သူက ဆက်ပြောပါတယ်။

ကန်နီရွာမှာ နေထိုင်တဲ့ ပြည်သူတွေထဲက စစ်အာဏာရှင်ကို မထောက်ခံတဲ့သူတွေက ရွာကိုစွန့်ခွာသွားကြပြီး အဲ့ ဒီရွာအနီးတဝိုက်ကိုသွားရင်လည်း ဖမ်းဆီးသတ်ဖြတ်မှုတွေ လုယူခံရတာတွေရှိလို့ ပြည်သူတွေက မသွားလာ ကြတော့တာကြောင့် မိုင်းထောင်ထားလို့ ပြည်သူတွေကိုမသွားကြဖို့ တားမြစ်ရတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

ကန်နီရွာကို စစ်ကောင်စီတပ်တွေ ရံဖန်ရံခါ လာရောက်တတ်ကြပြီး ရွာထဲမှာတော့ ပျူစောထီးအဖွဲ့ဝင်တွေ၊ စစ်တပ် ထောက်ခံအားပေးသူတွေပဲ ကျန်ရှိနေကာ ရွာထဲက ပျူစောထီးအဖွဲ့ဝင်တွေထဲမှာ လက်နက်ကိုင် ထားနိုင်သူ (၇၀) ဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။