နယူးယောက်က လူစည်ကားရာ ပန်းခြံထဲမှာ မိကျောင်းကြီး တကောင် ဖမ်းဆီးရမိ

အမေရိကန်နိုင်ငံ၊ နယူးယောက်က လူစည်ကားရာ ပန်းခြံတစ်ခုထဲမှာ အရှည် ၄ ပေရှိတဲ့ မိကျောင်းကြီး တစ်ကောင်ကို ဖမ်းဆီး ရမိခဲ့ပါတယ်။

 ဘရွတ်ကလင်း ပရော့စပက် ပန်းခြံထဲမှာ လျှောက်သွားနေတဲ့ တွားသွား သတ္တဝါကြီးကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ပန်းခြံ ဝန်ထမ်းတွေက တွေ့ရှိခဲ့တဲ့နောက် အမြန်ဆုံး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။

 ပန်းခြံရဲ့ ဆက်သွယ် သတင်းပေးမှုကြောင့် ပန်းခြံထဲက ရေကန်မှာ​ နေထိုင်ကျက်စားနေတဲ့ မိကျောင်းခေါင်းတိုကြီးကို တာဝန်ရှိသူတွေက လာရောက် ဖမ်းဆီးခဲ့ပြီး ဘရွန့်ဇ် တိရစ္ဆာန်ရုံဆီ ပြောင်းရွှေ့ ပို့ဆောင်ခဲ့ပါတယ်။

 မိကျောင်းခေါင်းတိုတွေဟာ အမေရိကန် အရှေ့တောင်ပိုင်းက ပူနွေးတဲ့ ဖလော်ရီဒါနဲ့ လူဝီစီးယားနားတို့လို ဒေသတွေမှာ အဓိက နေထိုင်ပါတယ်။ နယူးယောက်ရဲ့ နေ့အပူအချိန်ဟာ ဖေဖော်ဝါရီ ၁၉ ရက်က ၉ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်နေပေမယ့် မိကျောင်းတွေ နေထိုင်ဖို့ သင့်တော်တဲ့ ရာသီဥတုတော့ မဟုတ်ပါဘူး။

 ဖမ်းမိတဲ့ မိကျောင်းကြီးဟာ အအေးဒဏ်ကြောင့် သွေးလန့်တာမျိုး အပါအဝင် အတော်လေး နေထိုင်မကောင်းတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ တိရစ္ဆာန်ရုံက ပညာရှင်တွေက ပြောပါတယ်။

 လူအများ သွားလာအပန်းဖြေလေ့ရှိတဲ့ ရေကန်ကြီးထဲကို မိကျောင်းခေါင်းတိုကြီး ဘယ်လို ရောက်နေတယ် ဆိုတာကိုတော့ အခုထိ အတိအကျ မသိသေးပါဘူး။ အာဏာပိုင်တွေကတော့ ရေကန်ထဲကို တိရစ္ဆာန်တွေ မလွှတ်ဖို့ သတိပေး ကြေညာထားပြီး အဲဒီလုပ်ရပ်မျိုးဟာ ဥပဒေ ချိုးဖောက်ရာ ရောက်တယ်လို့ ပြောပါတယ်။

 မိကျောင်းကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် ဒီဖြစ်စဉ်ကို အသေးစိတ် ပြန်လည် စစ်ဆေးသွားမယ်လို့ ပန်းခြံရဲ့ စီမံ အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

 ပန်းခြံထဲမှာ မိကျောင်းရောက်နေတာမျိုးက လူတွေကို အန္တရာယ် ဖြစ်စေရုံသာ မကဘဲ ဒေသခံ မျိုးရင်းမဟုတ်တဲ့ ကျူးကျော် မျိုးစိတ်တွေကို စည်းမဲ့ကမ်းမဲ့ လွှတ်ထားရင် ရှိရင်းစွဲ တိရစ္ဆာန် မျိုးစိတ်တွေ မျိုးသုဉ်းကုန်တဲ့ အန္တရာယ်ပါ ကြုံတွေ့ လာနိုင်ပါတယ်။

 နယူးယောက်မှာတော့ မြို့ပြ ပန်းဥယျာဉ် စောင့်ရှောက်ရေး ဝန်ထမ်းတွေဟာ တိရစ္ဆာန်တွေနဲ့ ဆက်စပ်လို့ တိုင်ကြားမှု ၅၀၀ လောက်ကို ပုံမှန် ဖြေရှင်းပေးရလေ့ ရှိတယ်လို့လည်း သိရပါတယ်။