ရုရှားနားလည်အောင် ခေတ်မီလက်နက်တွေနဲ့ပဲ စကားပြောလို့ရမယ်လို့ ယူကရိန်း သမ္မတဆို

ရုရှားကို လူလိုသူလို နားလည်အောင် ခေတ်မီ စစ်လက်နက်တွေနဲ့ပဲ စကားပြောလို့ ရလိမ့်မယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ပွဲ တစ်နှစ်ပြည့်ခါနီး ကာလမှာ BBC သတင်းဌာနနဲ့ ဇီလန်စကီးက အင်တာဗျူးခဲ့ပြီး အခုလို မှတ်ချက် ပေးခဲ့တာပါ။ သူက စစ်ပွဲရပ်ဆိုင်းဖို့အတွက် ယူကရိန်းဟာ နယ်မြေတချို့ ရုရှားဆီ လက်လွှဲပေးမယ် ဆိုတာမျိုး လုံးဝ ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း အတည်ပြုခဲ့ပါတယ်။

ဒီလို သဘောထားမျိုးနဲ့သာ အလျှော့ပေးလိုက်မိရင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ နောက်တစ်ခါ ကျူးကျော်လာဦးမှာပဲ ဖြစ်တယ်လို့ ဇီလန်စကီးက ဆိုတယ်။ သူက လောလောဆယ်မှာ ရုရှားဟာ ထိုးစစ်အသစ် တစ်ခုကို ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေမှာ လက်တွေ့ စတင်နေပြီ ဖြစ်တာကြောင့် အဲဒီ ကျူးကျော်မှုကို ခုခံဖို့အတွက် အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက်တွေ ပိုမို လိုအပ်နေကြောင်းလောင်း ဝန်ခံခဲ့ပါတယ်။ 

ခေတ်မီ စစ်လက်နက်တွေကသာ ငြိမ်းချမ်းရေး မျှော်မှန်းချက်ဆီ မြန်မြန် ခရီးပေါက်မှာ ဖြစ်ကြောင်း၊ ပြီးတော့ စစ်လက်နက်တွေကသာ ရုရှား နားလည်နိုင်တဲ့ ဘာသာစကား ဖြစ်နေကြောင်း သူက ဆိုပါတယ်။

သူက နွေဦးပေါက်မှာ ရုရှားက ထိုးစစ်ဆင်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေဟာ အခုတောင် အစပြု ဖြစ်ပွားနေပြီလို့လည်း သုံးသပ်ခဲ့ပါတယ်။ ရုရှားတပ်တွေက လောလောဆယ် ယူကရိန်းကို ဦးတည်ချက် အမျိုးမျိုးကနေ စတင်တိုက်ခိုက်နေပြီ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

တစ်ဖက်မှာလည်း ယူကရိန်း တပ်တွေဟာ တန်ပြန်ထိုးစစ်တစ်ခု မစတင်နိုင်ခင် အတောအတွင်း သူတို့ရဲ့ ခြေကုပ်နေရာတွေကို မြဲမြဲမြံမြံ ဆက်ထိန်းရင်း ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။

ဇီလန်စကီးက စစ်ပွဲထဲ ဝင်မယောင် လေသံဟနေတဲ့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဆီ လိပ်မူပြီးလည်း သတိပေးခဲ့ပါသေးတယ်။ ဘီလားရုစ် အနေနဲ့ စစ်ပွဲထဲမှာ ပါမလာဖို့ မျှော်လင့်ကြောင်း၊ အဲဒီလို ဖြစ်လာခဲ့ရင်တောင် ယူကရိန်းဟာ ခုခံတွန်းလှန်ပြီး ဆက်လက် ရှင်သန်နိုင်မှာဖြစ်ကြောင်း၊ ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် ဘီလားရုစ် ပိုင်နက်ကို ရုရှားတပ်တွေ အသုံးချခွင့်မျိုး နောက်တစ်ခါ ထပ်ပေးခဲ့ရင် အမှားကြီး မှားသွားနိုင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

 ဇီလန်စကီးက သူဟာ စစ်ပွဲကို ရပ်ဆိုင်းချင်ပေမယ့် အဲဒီအတွက် ယူကရိန်း နယ်မြေတွေ လက်လွှတ်ပေးရမယ် ဆိုတာမျိုးကိုတော့ လုံးဝ လက်မခံနိုင်ကြောင်း ပြောပါတယ်။ ဒီလမ်းကို ရွေးခဲ့ပြီးဖြစ်ကြောင်း၊ ယူကရိန်းဟာ လုံခြုံရေး အာမခံချက်တစ်ခု လိုအပ်ကြောင်း၊ နယ်မြေတွေ ဖဲ့ပေးလိုက်ရတာက ယူကရိန်းကို ပိုပြီး ချိနဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်သွားစေနိုင်ကြောင်း၊ ဒါကြောင့် ယူကရိန်းဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ပျက်စီးစေတာမျိုး လုံးဝ လုပ်မှာ မဟုတ်ကြောင်း သူက ယတိပြတ် အတည်ပြုသွားခဲ့ပါတယ်။  

Ref: BBC