တောင်ကိုရီးယားနိူင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက် ဒီနှစ်ထဲပုဂ္ဂလိကအေဂျင်စီတွေကတဆင့် မြန်မာလုပ်သား (၅၀၀) ခေါ်ယူသွားဖို့ရှိတယ်လို့ အဲဒီနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီး မြန်မာအလုပ် သမားအရေးလူပ်ရှားနေတဲ့အဖွဲ့တွေကပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာလုပ်သားတွေကို EPSစနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ကတဆင့်ခေါ် ယူနေရာက သင်္ဘောကျင်းလုပ်ငန်းအတွက်အလုပ်သမားကိုတော့ ပုဂ္ဂလိကအေဂျင်စီတွေဆီကခေါ်ယူမှာဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီလုပ်ငန်းအတွက် မနှစ်က မြန်မာအလုပ်သမား ၁၀၀ ကျော်ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပြီး ဒီနှစ်မှာတော့ ဦးရေ ၅၀၀ အထိမြန်မာနိုင်ငံ အတွက်ခွဲတမ်းချထားပေးတာဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေးကူ ညီနေသူကိုစိုးမိုးသူ က ပြောပါတယ်။
“ဒီနှစ်မှာ အေဂျင်စီလေးခုနဲ့သဘောတူညီမူရထားတယ်လို့ သိရတယ်”လို့ သူကပြောပါတယ်။ အဲဒီအလုပ်သမားစေလွှတ်ခွင့်ကို Thu Kha Su San ကုမ္ပဏီ၊ Abourfield Employee Agencyကုမ္ပဏီ၊ Aries Marineကုမ္ပဏီတို့ကခွင့်ပြုချက်ရထားပြီး Royal Gateကုမ္ပဏီလည်း မကြာမီ ခွင့်ပြုချက်ရဖို့ရှိတယ်လို့ ဆိုပါတယ်။
သင်္ဘောကျင်းလုပ်ငန်းအတွက် ခေါ်ယူမယ့်အလုပ်သမားတွေက ဝရိန်ပိုင်းကျွမ်းကျင်အဆင့်ရှိသူတွေဖြစ်ပြီး သင် တန်းပေးဖို့နဲ့ တခြားလိုအပ်တာတွေပြင်ဆင်နေဆဲဖြစ်တယ်လို့ အလုပ်သမားစေလွှတ်ခွင့်ရရှိထားတဲ့အေဂျင်စီက တာဝန်ရှိသူတဦးကပြောပါတယ်။ “သူတို့လိုချင်တဲ့လုပ်သားမျိုးရဖို့တော့အတော်ကြိုးစားရမှာ၊ဝန်ဆောင်ခကုန်ကျစရိတ်ကလည်းကျပ်သိန်း ၃၀၀ လောက်ရှိတယ်”လို့သူကပြောပါတယ်။
လက်ရှိ ကိုရီးယားနိုင်ငံကို အခြေခံအလုပ်သမားအနေနဲ့ သွားရောက်လုပ်ကိုင်တဲ့မြန်မာလုပ်သားတွေဟာ လစာတလ မြန်မာငွေကျပ်သိန်းလေး ဆယ်ဝန်းကျင်ရပြီး သင်္ဘောကျင်းလုပ်ငန်းအတွက်ကိုတော့ ကျွမ်းကျင်လုပ်သားအနေနဲ့ ခေါ်ယူမှာဖြစ်လို့ တလ ကျပ်သိန်း ငါးဆယ်ဝန်းကျင်ရနိုင်တယ်လို့ အေဂျင်စီတွေကပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ လုပ်ခလစာမြင့်မားလို့ မြန်မာလုပ်သားတွေသွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှု မြင့် မားနေတဲ့နိုင်ငံဖြစ်ပြီး လက်ရှိအဲဒီမှာ EPSစနစ်နဲ့လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၄၅၀၀၀ နီးပါးရှိတယ်လို့ မှတ် တမ်းတွေအရသိရပါတယ်။