စားနပ်ရိက္ခာ ကျပ်တည်းမှုကြောင့် မြောက်ကိုရီးယား စစ်တပ်ရဲ့ ရိက္ခာခွဲတမ်း လျှော့ချခံရ

ဆယ်စုနှစ် နှစ်ခုလောက် ကာလအတွင်း မြောက်ကိုရီးယားဟာ စစ်တပ် ရိက္ခာခွဲတမ်းကို ပထမဆုံးအကြိမ် လျှော့ချခဲ့ကြောင်း သိရပါတယ်။

 ဒီအခြေအနေမျိုးက ကွန်မြူနစ် အာဏာရှင် အုပ်စိုးတဲ့ အထီးကျန် နိုင်ငံမှာ ပြည်တွင်း စားနပ်ရိက္ခာ ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို ပိုပြီး ထင်ရှား မြင်သာလာစေတယ်လို့ တောင်ကိုရီးယား အစိုးရရဲ့ ကိုရီးယား နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက မှတ်ချက် ပေးပါတယ်။

 ဖေဖော်ဝါရီ ၆ ရက်မှာ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အာဏာရ အလုပ်သမား ပါတီဟာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ကြောင်း ဖော်ပြသွားပါတယ်။

 အဲဒီနောက် စစ်တပ်ရိက္ခာ လျှော့ချတဲ့ ကြေညာချက် ထွက်ပေါ်လာပြီး တခြား စားနပ်ရိက္ခာ ခြိုးခြံချွေတာရေး လမ်းညွှန်ချက်တွေကိုပါ ပြုံယမ်းအခြေစိုက် အစိုးရက ထုတ်ပြန်ထားတယ်လို့ တောင်ကိုရီးယားရဲ့ DongA Ilbo သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 အဲဒီသတင်းကို ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ မသတ်မှတ်လိုသေးပေမယ့် မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ အကျပ်အတည်းတွေ ကြုံနေတဲ့ ဖြစ်နိုင်ခြေက အရမ်းများကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တခြား ဌာနတွေကလည်း စောင့်ကြည့်စုံစမ်းမှုတွေ ပြုလုပ်နေကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

 မြောက်ကိုရီးယားကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန် အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ 38 Northက မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ စားနပ်ရိက္ခာ သိုလှောင်နိုင်မှုဟာ လူသားတွေအတွက် အခြေခံ လိုအပ်တဲ့ ပမာဏအောက်ကိုပါ ကျဆင်းနေပြီလို့ ထုတ်ပြန်ထားပါတယ်။

 မြောက်ကိုရီးယားဟာ ဆိုးဆိုးရွားရွား စားနပ်ရိက္ခာ ပြတ်တောက်မှုတွေ၊ ငတ်မွတ်မှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုပါ။ စိုက်ခင်းတွေ ရေလွှမ်းတာမျိုး ပြဿနာတွေကြောင့် အဲဒီလို အခြေအနေတွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားမှာ ၁၉၉၄ ကနေ ၁၉၉၈ ခုနှစ်အတွင်းမှာတော့ အဆိုးရွားဆုံး အငတ်ဘေးတစ်ခု ရင်ဆိုင်ခဲ့ရပြီး လူပေါင်း သိန်းဂဏန်းလောက်ထိ အသက်ဆုံးရှုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

 မြောက်ကိုရီးယား အစိုးရရဲ့ ဒုံးကျည်နဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေကြောင့် နိုင်ငံတကာ ပိတ်ပင်မှုတွေ ရင်ဆိုင်နေရခြင်းကလည်း နိုင်ငံရဲ့ ကဏ္ဍပေါင်းစုံ ကျပ်တည်းမှုတွေကို ပိုမို ဆိုးရွားလာစေခဲ့ပါတယ်။