အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းတွေက မြန်မာစစ်ဘေးရှောင်တွေကို ယာယီနေထိုင်ခွင့်ပြုဖို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုရာမှာ ဝန်ကြီးချုပ်က သဘောတူခဲ့တယ်လို့ စစ်ရှောင်တွေဆီက သိရပါ တယ်။
” စစ်ရှောင်ကတ်ထုတ်ပေးပြီးရင်တော့ မီဇိုရမ်ပြည် နယ်မှာလို နေထိုင်လို့ရတော့မယ်” လို့ မြန်မာစစ်ရှောင်တဦးက ပြောပါတယ်။
ချင်းပြည်နယ်နဲ့ဆက် စပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အစိုးရက စစ်အာဏာသိမ်းကတည်းက မြန်မာစစ်ရှောင်တွေကို နေထိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
မဏိပူရ်ကတော့မီဇိုရမ်ပြည်နယ်နဲ့ထိစပ်တဲ့ဒေသတခုဖြစ်သလိုမြန်မာဘက်က ကလေး၊ မော် လိုက်၊ တမူး စတဲ့စစ်ကိုင်းတိုင်းဒေသတွေနဲ့ နယ် စပ်တ လျှောက်ထိစပ်နေတဲ့ အိန္ဒိယဘက်က ပြည်နယ်တခုဖြစ်ပြီး အဲ့ဒီနယ်မြေတွေထဲ မြန်မာဘက်ကနေ ခိုလှုံနေကြသူအများစုဟာ စစ်ကိုင်းတိုင်းဒေသခံဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က အခုလိုသဘောတူခဲ့တာကို စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ Burma Refugee Committee Kabaw Valley အဖွဲ့နာယက ဦးထန်ဆေးက ခေါနုသုမ်မီဒီယာကို ဖြေကြားထားတာတွေ့ရပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ တရားဝင်အမိန့်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကိုရောက်ရှိနေတဲ့ သူတွေဟာ တရားမဝင်ခိုးဝင်တဲ့သူတွေမဟုတ်ဘဲ အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေဖြစ်တဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်အဖြစ်သတ်မှတ်ပေးဖို့ ၊ မီဇိုရမ်ပြည်နယ်လိုပဲ ဒုက္ ခသည်အသိမှတ်ပြုကတ်ထုတ်ပေးဖို့၊ ဖမ်းထား တဲ့ စစ်ဘေးရှောင်တွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဗမာပြည်ကိုပြန်မပို့ဖို့ ဆိုတဲ့အချက်လေးချက်ကို Burma Refugee Committee Kabaw Valleyအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြတောင်းဆိုထားတယ်လို့ ဆိုပါတယ်။
အဆိုပါကော်မတီက တောင်းဆိုအပြီး တပတ်လောက်အကြာမှာ မိုရေးမြို့အခြေစိုက် အရပ်ဖက်အဖွဲ့ စည်းတွေဖြစ်တဲ့ Hill Tribal Council ၊ Kuki Students Organi zation ၊ Kuki Women Union and Human right ၊ Model Youth Club နဲ့ Kuki Khanglai Lawmpi အဖွဲ့အစည်းငါးဖွဲ့က မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်ဆီ ထပ်ပြီး စာရေးသား ပေးပို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရဟာ မိုရေးမြို့နယ် လန်းချန်းကျေးရွာနဲ့ နီးယူဆလ်ဘုန်းကျေးရွာမှာ ခိုလှုံနေကြတဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ် ကိုးဦး အပါအဝင် မြန်မာစစ်ဘေးရှောင်အယောက် ၈၀ ကို ဇန်နဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အင်ဖာအကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားပါတယ်။
ချူရချမ်ပူရ်ခရိုင် နယူးလန်ကားမြို့ Vaal ရပ်ကွက် မှာ ယက္ကန်းလုပ်ငန်းလုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကိုလည်း မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။
ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေး ရှောင်တွေပြန်လည်လွတ်မြောက်ရေးအတွက် Burma Refugee Committee Kabaw Valley နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်နေတယ်တယ်လို့လည်း သိရပါတယ်။
အိန္ဒိယနိုင်ငံဘက်ရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလက အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီဆွေးနွေးခဲ့သလို အိန္ဒိယအစိုးရနဲ့ NUG နဲ့လည်းဆွေးနွေးခဲ့ပါတယ်။ ဖေဖေါ်ဝါရီ လဆန်းပိုင်းမှာ စစ်ရှောင်ကိစ္စနဲ့ပတ်သက်ပြီး မဏိပူရ်ပြည်နယ် လွတ်တော်အမတ်တချို့၊ တာနိုပါးခရိုင် ဝန်နဲ့ မဏိပူရ် ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Photo – Social Midea/ Google Map