အာဏာသိမ်းဖို့ ကြံစည်နေတယ်ဆိုတဲ့ အစိုးရရဲ့ စွပ်စွဲချက်အပေါ် ရွေးကောက်ပွဲကြို ကာလမှာ နိုက်ဂျီးရီးယား စစ်တပ်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။
လက်ရှိ အာဏာရ အလုံးစုံ တိုးတက်ရေး ကွန်ဂရက်ပါတီ (APC)ရဲ့ တာဝန်ရှိသူ တချို့က အခုလ အစောပိုင်းမှာ နိုက်ဂျီးရီးယား စစ်တပ်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တချို့ဟာ ပြိုင်ဘက် ပြည်သူ့ ဒီမိုကရက်ပါတီ (PDP)ရဲ့ သမ္မတလောင်း အတီကူ အဘူဘေကာနဲ့ တိတ်တဆိတ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။
ဒါပေမဲ့ နိုက်ဂျီးရီးယား စစ်တပ်ကတော့ APC စွပ်စွဲသလို အာဏာသိမ်းဖို့ လျှို့ဝှက် ကြံစည်နေတယ်ဆိုတာ လုံးဝ မဟုတ်ဘူးလို့ ငြင်းဆန်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စစ်တပ်က ကြားဝင် နှောင့်ယှက်တာ၊ ဖျက်လိုဖျက်ဆီးလုပ်တာ ဘာမှ ရှိမလာစေရဘူးလို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ APCရဲ့ စွပ်စွဲချက်ဟာ ကောက်ကျစ်စဉ်းလဲပြီး အမှန်တရားနဲ့ ကင်းကွာလွန်းတယ်လို့လည်း စစ်တပ်က ဆိုပါတယ်။
အာဖရိကတိုက်ရဲ့ လူဦးရေ အထူထပ်ဆုံး နိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရလောက်သလဲ ဆိုတာက ကြိုတင် ခန့်မှန်းဖို့ မလွယ်လောက်အောင် အကြိတ်အနယ် ရှိနေပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ထိပ်ဆုံးက ရေပန်းစားနေသူတွေအဖြစ် အဘူဘေကာအပြင် အာဏာရ APC ပါတီရဲ့ ဘိုလာ တီနူဘူ၊ လေဘာပါတီရဲ့ ပီတာ အိုဘီတို့လည်း ရှိနေပါတယ်။
နိုက်ဂျီးရီးယား စစ်တပ်က ရွေးကောက်ပွဲရလဒ် ဘယ်လိုပဲ ထွက်ပေါ်လာသည်ဖြစ်စေ သူတို့ဟာ ဖွဲ့စည်းပုံ ဥပဒေအပေါ် သစ္စာစောင့်သိပြီး ပရော်ဖက်ရှင်နယ် ပီပီသသ ရပ်တည်မှာ ဖြစ်ကြောင်း၊ အရပ်သား အစိုးရကို လုံးဝ ဖြုတ်ချမှာ မဟုတ်ကြောင်း နိုက်ဂျီးရီးယား စစ်ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် တူကူအာ ဂူဆာအူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ စစ်တပ် သဘောထား ကြေညာချက်နဲ့ ပတ်သက်လို့ အစိုးရရော၊ ပြိုင်ဘက် အင်အားစုတေါကပါ လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
တစ်ဖက်မှာတော့ စစ်တပ် အာဏာသိမ်းနိုင်ခြေနဲ့ ပတ်သက်လို့ စွပ်စွဲမှုတွေအပေါ် ပြည်သူတွေက သိပ်ပြီး အာရုံ မထားနိုင်ဘဲ ပြည်တွင်းမှာ လုံခြုံရေး အာမခံချက် အားနည်းလာတာ၊ လောင်စာဆီစျေးတွေ မြင့်တက်လာတာ၊ ငွေမာ ခေါင်းပါးလာတာ၊ နိုင်ငံ စီးပွားရေးမှာ အကျပ်အတည်းတွေ ကြုံလာတာမျိုး တခြား ပြဿနာတွေအပေါ် ပိုပြီး စိုးရိမ်နေကြတယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။
Ref: BBC