ကာကွယ်ရေး ဝန်ကြီးနေရာကို အပြောင်းအလဲလုပ်ဖို့ ယူကရိန်း သမ္မတ ဆုံးဖြတ်

ယူကရိန်း အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးနေရာအတွက် အပြောင်းအလဲ ပြုလုပ် ခန့်အပ်သွားမယ်လို့ သိရပါတယ်။

ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နေတဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး အနောက်နိုင်ငံတွေဆီက ခေတ်မီ စစ်လက်နက်တွေ ရရှိရေးအတွက် သံတမန်ရေးဆိုင်ရာ တာဝန်တွေကိုပါ ယူခဲ့သူ ဖြစ်ပါတယ်။

အခုအခါမှာတော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရက်ဇ်နီကော့ဗ်ရဲ့ ကာကွယ်ရေး ဝန်ကြီး နေရာကို စစ်ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ ကိုင်ရီလို ဘူဒါနော့ဗ်နဲ့ အစားထိုးဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒီသတင်းကို ဇီလန်စကီးနဲ့ နီးစပ်တဲ့ ဝါရင့် လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဒေးဗစ် အာရာခါမီရာက အတည်ပြုခဲ့ပါတယ်။

ရက်ဇ်နီကော့ဗ်ကိုတော့ ဇီလန်စကီးက တခြား အစိုးရ ရာထူးတစ်ခုမှာ ပြောင်းလဲ ခန့်အပ်သွားမယ်လို့ ယုံကြည်ရပါတယ်။ အခုလို အပြောင်းအလဲ လုပ်ရတာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒတချို့နဲ့ ဆက်နွှယ်တယ်လို့ပဲ အာရာခါမီရာက အရိပ်အမြွက် မှတ်ချက် ပေးခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီးနေရာဟာ စစ်ပွဲကာလတလျှောက် ယူကရိန်း အစိုးရ အဖွဲ့ထဲမှာ အလှည့်အပြောင်း ဖြစ်လာတဲ့ အကြီးဆုံး ရာထူးလို့ ဆိုရမှာပါ။ မကြာသေးခင်ကတော့ ဇီလန်စကီးဟာ အဂတိမှုတွေနဲ့ ဆက်နွှယ်တဲ့ အစိုးရ အရာရှိ တချို့ကို ထုတ်ပယ်ခဲ့ပါသေးတယ်။ သမ္မတက ယူကရိန်းကို အနောက်နိုင်ငံတွေရဲ့ စံနှုန်းနဲ့ လျော်ညီတဲ့ အဂတိ ကင်းစင်မှုမျိုးထိ ရှိလာအောင် ကြိုးစား ပြင်ဆင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

ရက်ဇ်နီကော့ဗ်ရဲ့ ရာထူးနေရာ အပြောင်းအလဲ ဖြစ်သွားတာကတော့ အဂတိ လိုက်စားမှု ပြဿနာနဲ့ ဆက်နွှယ်ဟန် မရှိပါဘူး။ အာရာခါမီရာက စစ်ဖြစ်နေတဲ့ လက်ရှိ ကာလမျိုးမှာ ကာကွယ်ရေး ဝန်ကြီး နေရာဟာ နိုင်ငံရေးသမား တစ်ဦးထက် စစ်အတွေ့အကြုံ၊ ဒါမှမဟုတ် လုံခြုံရေး တပ်ဖွဲ့ဝင် အတွေ့အကြုံ နောက်ခံရှိသူတစ်ဦး တာဝန်ယူနေတာမျိုး ဖြစ်သင့်တယ်လို့ သမ္မတက ယူဆထားကြောင်း အာရာခါမီရာက ဆိုပါတယ်။

ရက်ဇ်နီကော့ဗ်ဟာ စစ်မှုထမ်း အတွေ့အကြုံ မရှိခဲ့တဲ့ ရှေ့နေဟောင်း တစ်ဦးပါ။ သူဟာ ရုရှားရဲ့ ကျူးကျော်စစ် မစခင် လပိုင်းလောက် အလို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ဇီလန်စကီး အစိုးရ အဖွဲ့ရဲ့ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် အပ်နှင်းခံခဲ့ရတာ ဖြစ်ပါတယ်။