စစ်ကောင်စီကို နိုင်ငံခြားငွေရှာပေးတဲ့ နိုင်ငံတကာရေနံကုမ္ပဏီ နှစ်ဆယ်ကျော်မှာ ကန်ကုမ္ပဏီ ရှစ်ခုပါနေဆဲ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၂ နှစ်ကျော်တဲ့အထိ စစ်ကောင်စီကို နိုင်ငံခြားငွေအဓိက ရှာဖွေပေးနေတဲ့ နိုင်ငံတကာရေနံကုမ္ပဏီ ၂၁ ခုမှာ အမေရိကန်ကုမ္ပဏီ ၈ ခုအထိပါဝင်နေတယ်လို့ Justice for Myanmar အဖွဲ့က ဖေဖော်ဝါရီလ ၄ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဖော်ထုတ်တွေ့ရှိတဲ့ကုမ္ပဏီ ၈ ခုမှာ အမေရိကန်ပြည်ထောင်စုမှာ အပြည့်အ၀ ဒါမှမဟုတ် တစိတ်တပိုင်း အခြေစိုက်ထားကြပြီးအမေရိကန်စတော့အိတ်ချိန်းဝင် Halliburton၊ Schlumberger နဲ့ Baker Hughes စတဲ့ လုပ်ငန်းတွေပါဝင်ပြီးမြန်မာပြည်မှာ ရုံးခွဲတွေဖွင့်လှစ်ထားကြတယ်လို့ ဆိုပါတယ်။

‘’ဒီလို ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံမှာ ရှိတဲ့လုပ်ငန်းတွေကို ဆက်လုပ်နေကြပြီး စစ်အုပ်စုကို ရေနံနဲ့ သဘာဓာတ်ငွေ့အခွန်ငွေတွေဆက်လက်စီးဆင်းဖို့ ကူညီပေးနေတာက စိတ်ပျက်ဖွယ်ရာဖြစ်ပါတယ်’’လို့ Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ပြောပါတယ်။

စစ်တပ်က တရားမဝင်ထိန်းချုပ်ထားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍဟာအကြီးမားဆုံးနိုင်ငံခြားဝင်ငွေအရင်းအမြစ်ဖြစ်ပြီး မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုငွေကြေးထောက်ပံ့နေတယ်လို့ လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလကနေ မတ်လအထိ ခြောက်လအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေကဏ္ဍက အမေရိကန်ဒေါ်လာ  ၁ ဒသမ ၇၂ ဘီလီယံ ရရှိခဲ့တယ်လို့ သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရဟာ စစ်ကောင်စီရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတာဝန်ရှိသူတွေကိုသာ ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ပြီး အဲဒီလုပ်ငန်းတခုလုံးကို ဒဏ်ခတ်ပိတ်ဆို့ဖို့ပျက်ကွက်နေရုံသာမက အလားအလာအကောင်းဆုံးကဏ္ဍအဖြစ် စာရင်းသွင်းထားပြီး မြန်မာနိုင်ငံမှာ ဆက်လုပ်ဖို့အားပေးကူညီတာဟာ “စိုးရိမ်စရာ” ကောင်းတယ်လို့လည်း Justice for Myanmar က ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရေနံနဲ့ သဘာဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့ တက်ကြွလှုပ်ရှားသူတွေက အစဉ်တစိုက်တောင်းဆိုထားပေမယ့် ဥရောပသမဂ EUနဲ့ နိုင်ငံအချို့က ကသာ အရေးယူမှုတွေပြုလုပ်ထားပါသေးတယ်။

စစ်တပ်က ၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းအပြီးမှာ  ပြင်သစ်Total ၊ မလေးရှားနိုင်ငံပိုင် Petronas နဲ့ ဂျပန်ENEOS လုပ်ငန်းတွေ မြန်မာနိုင်ငံကထွက်ခွာခဲ့ပြီး အမေရိကန် Chevron ကလည်း ရှယ်ယာတွေကိုရောင်းချမယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံပိုင် PTT ကလည်း စက်သုံးဆီသိုလှောင်တာ၊ သယ်ယူပို့ဆောင်တတဲ့စီမံကိန်းကို ရပ်ဆိုင်းမယ်လို့ မနှစ်က ဒီဇင်ဘာလက ထုတ်ပြန်ထားသလို ကန်ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် မုတ္တမပင်လယ်ကွေ့က ကမ်းလွန်ရေနံလုပ်ကွက်  M-3 မှာ တူးဖော်ရေးလုပ်ငန်းလုပ်ငန်းစီမံကိန်းကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ဒါ့အပြင် နော်ဝေရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်တဲ့ Norway’s Oil Fund ကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုပြီး ထိုင်းနိုင်ငံပိုင် PTT နဲ့ PTTOR တို့ကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါပေမယ့်မြန်မာနိုင်ငံမှာလုပ်ကိုင်နေဆဲ နိုင်ငံတကာရေနံလုပ်ကွက်လုပ်ငန်း ၂၁ ခုအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတာကို ထောက်ပံ့သလိုဖြစ်နေတဲ့အတွက် လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး အဲဒီဘဏ်အကောင့်တွေကို ထိန်းသိမ်းထားဖို့ Justice for Myanmarက တောင်းဆိုထားပါတယ်။

အဲဒီလုပ်ငန်း ၂၁ ခုဟာ ရေနံတူးဖော်တဲ့လုပ်ငန်းက အစပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ ပစ္စည်းတင်သွင်းထောက်ပံ့ရေးလုပ်ငန်းတွေနဲ့ အရေးပါတဲ့ အကူအညီတွေကို စစ်ကောင်စီကို ဆက်လက်ပေးအပ်နေတာဖြစ်ပါတယ်။

Justice for Myanmar က ဒေါ်ရတနာမောင်ကတေ့ “စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေတဲ့ စီမံကိန်းတွေမှာရှိတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီအားလုံးကိုတောင်းဆိုပါတယ်’’လို့ ပြောပါတယ်။