အယ်ဒီတာ့အာဘော်

သတင်းမီဒီယာတစ်ခု၏ တာဝန်
၁။ သတင်းစာဆိုတာ တကယ်တော့ ကလောင်နဲ့ အုပ်ချုပ်တဲ့အစိုးရပဲ …. လို့ သွန်သင်တာခံခဲ့ရဖူးပါတယ်။ တိုင်းပြည်တစ်ခုမှာ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ DNA က ယူဆပါတယ်။ အထူးသဖြင့် တိုင်းပြည်မှာ လူထုရဲ့ နားမျက်စိအဖြစ် သတင်းမီဒီယာက တာဝန်ထမ်းဆောင်နေရတယ်လို့ မြင်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်နေသူတွေကို ကလောင်အားဖြင့် ထိန်းကျောင်းရပါတယ်။ ဒီနေ့ခေတ်တော့ ကလောင်တစ်ခုတည်းနဲ့လို့တောင် မပြောနိုင်တော့ပါဘူး။ ရုပ်အားဖြင့် အသံအားဖြင့် လူထုထံ သတင်းတွေကို သတင်းတင်ဆက်ပုံ ဒီဇိုင်းအမျိုးမျိုးနဲ့ ကျေးဇူးပြကြဖို့ ကြိုးစားနေရပါတယ်။
၂။ DNA အနေနဲ့ လက်ရှိ တိုင်းပြည်ရဲ့ ပဋိပက္ခကာလအတွင်းမှာ — လူထုထံ အစဉ်တစိုက် မျက်နှာမူပြီး လျှောက်လှမ်းနေကြပါတယ်။ လူထုကိုသာ မျက်နှာမူပြီး လူထုထံက ပေါက်ဖွားလာတဲ့ (တနည်း) လူထုကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်အသီးသီးကိုသာ မျက်နှာမူပြီး သတင်းမီဒီယာအလုပ်ကို သမာသမတ်ကျကျ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဤသို့ လုပ်ကိုင်နေတဲ့အကြားက — အမှားအယွင်းတွေ ရှိခဲ့ရင်လည်း ပညာရှိသူတော်ကောင်းလူထုရဲ့ သွန်သင်မှု / လမ်းပြမှု / အကြံပေးမှုကို အလေးအနက် နားထောင်ပြီး ပြုပြင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာ DNA ရဲ့ အပြုအမူဖြစ်ပါတယ်။
၃။ DNA အနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူသားဝါဒအပေါ်မှာ အခြေခံတဲ့ လူထုမီဒီယာအဖြစ် ရပ်တည်ဖို့ အစဉ်တစိုက်ကြိုးစားနေပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ လွတ်လပ်မှုဘောင် ကျယ်သထက် ကျယ်ပြောအောင် ကြိုးစားလုပ်ဆောင်ရေးဟာ မိမိတို့ရဲ့ တာဝန်တစ်ရပ်လို့ ရှုမြင်ပါတယ်။ ဒါ့အပြင် တရားမျှတသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ထွန်းရေးဟာ DNA ရဲ့ လိုလားချက်ဖြစ်ပါတယ်။ လူကို လူကို ရှုမြင်တဲ့ အတွေးအခေါ်ကို ဗဟိုပြုထားပြီး မည်သည့် လူမျိုးရေး ပယောဂ ၊ မည်သည့်နိုင်ငံရေးပယောဂ၊ မည်သည့်ဝါဒရေးရာပယောဂကိုမှ အပူးကပ်မခံဘဲ — တိုင်းပြည်နဲ့ လူထုအတွက် သတင်းမီဒီယာကဏ္ဍကနေ လုပ်သင့်လုပ်ထိုက်တာတွေကို ကြိုးစားလုပ်ဆောင်နေပါတယ်။
၄။ DNA အနေနဲ့ မြောက်မြားလှစွာသော သတင်းမီဒီယာတွေအကြားမှာ — သူ့ထက် အရင် ထင်ပေါ်ကျော်ကြားရေးကို မရှေ့ရှုဘဲ၊ သတင်းမီဒီယာတစ်ရပ်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့သာ အထူးအာရုံစိုက်ပါတယ်။ လူထုရဲ့ နားမျက်စိ ဖွင့်ပေးနိုင်ဖို့ တတ်စွမ်းသလောက် လုံ့လထုတ် ကြိုးစားနေပါတယ်။
၅။ DNA ဟာ လူထု မျက်စိကို မျက်မှန်စိမ်းတပ်ပေးတာမျိုး မလုပ်ပါ။ လူထုမျက်စိကို မျက်မှန်နီတပ်ပေးတာမျိုးလည်း မလုပ်ပါ။ လူထုရဲ့ အမြင်အာရုံ စူးရှထက်သန်စေဖို့သာ အစဉ်တစိုက် လုံ့လထုတ် ကြိုးစားနေပါကြောင်း…..
အယ်ဒီတာ
Delta News Agency
၅ – ဖေဖော်ဝါရီ – ၂၀၂၃