ဆိုမာလီယာက အိုင်အက်စ် အဖွဲ့ခွဲ ခေါင်းဆောင်ကို အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ ရှင်းလင်း သုတ်သင်

ဆိုမာလီယာ အခြေစိုက် အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ခွဲရဲ့ ခေါင်းဆောင်ကို အမေရိကန် အထူးကွန်မန်ဒိုတွေက ရှုပ်ထွေးလှတဲ့ လှိုဏ်ဂူ ကွန်ရက် တစ်ခုထဲမှာ သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

 ဒေသဆိုင်ရာ အိုင်အက်စ် ခေါင်းဆောင်ဖြစ်တဲ့ ဘီလယ်လ် အယ်လ် ဆူဒန်နီနဲ့ တခြား အိုင်အက်စ် အဖွဲ့သား ၁၀ ဦးကို ဆိုမာလီယာ မြောက်ပိုင်းမှာ ရှင်းလင်းပစ်နိုင်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက အခု သီတင်းပတ်ကုန်မှာ ကြေညာပါတယ်။

  အယ်လ် ဆူဒန်နီနဲ့ အဖွဲ့သားတွေဟာ လူသူ အရောက်အပေါက် နည်းပြီး ကျောက်ဆောင် ထူထပ်ရာ နေရာတစ်ခုက ဂူထဲမှာ ပုန်းအောင်းနေတုန်း အမေရိကန် အထူးတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့ကြတာပါ။ သူ့ကို အရှင်ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ သုတ်သင်ရှင်းလင်းခဲ့ရတာ ဖြစ်ပါတယ်။

 အယ်လ် ဆူဒန်နီဟာ အာဖရိကတိုက်မှာ အိုင်အက်စ်ရဲ့ ဩဇာ ပျံ့နှံ့လာနေမှုအတွက် အဓိက မောင်းနှင်အား တစ်ခု ဖြစ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်ဒ် အော်စတင်က ပြောပါတယ်။

 အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ပိုပြီး အန္တရာယ်ကင်းနိုင်တဲ့ ဒရုန်းတိုက်ခိုက်မှု နည်းလမ်းအစား အထူး ကွန်မန်ဒိုတွေကို စေလွှတ်ခဲ့ခြင်းက အယ်လ် ဆူဒန်နီရဲ့ အရေးပါမှုကို မြင်သာစေပါတယ်။

 စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မကြေညာပေမယ့် မျက်မြင် တချို့ကတော့ အမေရိကန် စစ်သားတွေဟာ ရဟတ်ယာဉ်တွေနဲ့ ရုတ်တရက် ရောက်ရှိလာပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

 အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ ဆိုမာလီယာ အခြေစိုက် အမေရိကန် တပ်တွေကို ပြန်ရုပ်သိမ်းစေခဲ့ပေမယ့် ဘိုင်ဒန်ကတော့ တပ်ဖွဲ့ဝင် ရာဂဏန်းလောက်ကို အာဖရိက နိုင်ငံဆီ ပြန်လည် စေလွှတ်ခဲ့သလို အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးတွေကို ပိုပြီး အာရုံစူးစိုက် အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

 နီးစပ်သူတွေကတော့ ဘိုင်ဒန်နဲ့ စစ်ဘက် အကြီးအကဲတွေဟာ အယ်လ် ဆူဒန်နီကို ရှင်းလင်းမယ့် စစ်ဆင်ရေးအတွက် လပေါင်း အတော်ကြာ အချိန်ယူခဲ့ရကြောင်း ပြောပါတယ်။ ဆိုမာလီယာ အစိုးရတော့ အယ်လ် ဆူဒန်နီ သေဆုံးသွားတဲ့ သတင်းဟာ အပေါင်းလက္ခဏာဆောင်ပြီး ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

 အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဟူဆန် ရှိတ်ခ် အလီက လက်ရှိ အခြေအနေမှာ အိုင်အက်စ်ဟာ အယ်လ်ရှာဘက်ဘ် စစ်သွေးကြွတွေလိုမျိုး ဆိုမာလီအတွက် အကြီးစား ခြိမ်းခြောက်မှုမျိုး မဖြစ်သေးပေမယ့် အယ်လ် ဆူဒန်နီကတော့ အရမ်း အန္တရာယ်ကြီးသူ တစ်ယောက်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။