ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်ထဲက ရွာတွေကို စစ်တပ်ကပစ်ခတ်မီးရှို့နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နယ်တဖက်ကမ်းကရွာတွေကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဇန်နဝါရီ၂၆ရက်မနက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်မီးရှို့နေသလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေက DNA ကိုပြောပါတယ်။

 ‘’ ကျုံဒိုးတဖက်ကမ်းက ရွာတွေကို မနက် ၁၀နာရီလောက်ကတည်းကစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာ၊ ပစ်ထုတ်ပြီးတော့ ရွာထဲကလူတွေကို အစောင့်တောင်မနေခိုင်းဘူး’’ လို့မြေပြင်စစ်ရေးအခြေအနေသိရှိသူက ဆိုပါတယ်။

 လက်ရှိမှာလည်း ကျုံဒိုးမြို့နယ် အရှေ့ဘက်ကမ်းက ညောင်ရိပ်သာရွာမှာရှိတဲ့ ဒေသခံနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးနေပြီး နှစ်ဖက်တိုက်ပွဲလည်းပြင်းထန်နေတယ်လို့  မြေပြင်မှာရှိတဲ့ပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလူမှုကွန်ရက်စာမျက်နှာမှာ ဗီဒီယိုမှတ်တမ်းတွေ ထုတ်ပြန်နေတာတွေ့ရပါတယ်။

 ဒီအခြေအနေတွေကြောင့် ကျုံဒိုးမြို့နယ်ထဲက ညောင်ရိပ်သာ၊ ကမ်းနီ၊ ကျောက်ဖျာ၊ မိဂလုံ၊ ကော့ကာ၊ အလယ်ကျွန်း စတဲ့ကျေးရွာတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

 ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ဖြစ်တဲ့ ကျုံဒိုးမြို့မှာမနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့နယ်မြေခံ ကာကွယ်ရေးပူးပေါင်းတပ်တွေကြားနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဒေသခံနေအိမ်တွေအပေါ် လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလုပ်ခဲ့သလို

လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့ကြောင်း Lion Battalion Commando  ဗျုဟာစစ်ကြောင်းကစစ်ရေးသတင်းထုတ်ပြန်ထားပါတယ်။

 ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၄၀ ထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်တွေဘက်ကထိခိုက်သူအနည်းငယ်ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 ကော့ကရိတ်မြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က ကော့ဘိန်းရဲကင်းစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းစစ်ရေးအခြေအနေတင်းမာပြီးတိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။