ကော့ကရိတ်အခြေစိုက်စစ်ကောင်စီစခန်းတွေကို KNLAပူးပေါင်းကာကွယ်ရေးတပ်တွေဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးတိုက်ပွဲဖြစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ခြမ်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေရှိရာလှိုင်ဝကုန်းကို KNLA နဲ့ ပူးပေါင်းကာကွယ်ရေးတပ်တွေက ဒီကနေ့ ဒီဇင်ဘာ ၁၆ရက်မနက်အစောပိုင်းမှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုတွေဆက်ဖြစ်နေတယ်လို့မြေပြင်စစ်ရေးအခြေအနေသိရှိသူက DNA ကိုပြောပါတယ်။

 

‘’ မနက်၅နာရီ၄၀ လောက်ကစတိုက်တာ၊ ကော့ကရိတ်မြို့တောင်ဘက်ခြမ်း တံတားကျိုး ၂၃၁ ၊ ၂၃၀ အမြှောက်တပ်ဘက်အခြမ်းကို  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဝင်တိုက်တာ။ အခုစစ်ဆေးရေးဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဂိတ်ကိုပစ်ပြီးပြေးပြီ။ လေကြောင်းလာတာလည်း၄ခါရှိသွားပြီ’’ လို့မြေပြင်စစ်ရေးအခြေအနေသိရှိသူက DNA ကိုအတည်ပြုပြောပါတယ်။

 

လက်ရှိမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ဆက်ပြီးပစ်ခတ်မှုတွေရှိနေတဲ့အတွက် စ ကော့ကရိတ်တံတားကျိုးအနီးမှာလည်း ဖြတ်သန်းတဲ့ ကားတန်းတချို့ပိတ်မိနေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

 

‘’အခုထိတော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံတွေကြားနေရတုန်းပဲ။ လက်နက်ကြီးအသံတွေပါကြားရနေတယ်’’ လို့ ဒေသခံတဦးကလည်းဆိုပါတယ်။

 

လက်ရှိအချိန်မှာလည်း စစ်ကောင်စီဘက်လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကိုပစ်ခတ်နေတာတွေနဲ့ လေကြောင်းပျံသန်းနေတာတွေကြောင့် စစ်ကောင်စီအခြေစိုက်ရာအနားက ကျေးရွာအများစုထွက်ပြေးတိမ်းရှောင်နေကြပြီလို့ဆက်သိရပါတယ်။

 

ဒီကနေ့မနက်ကော့ကရိတ်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဆက်သိရတာတွေကိုလည်း DNA ကဆက်ပြီးဖော်ပြသွားပါမယ်။