အိန္ဒိယမှာ လူနေတိုက်တစ်လုံး ပြိုကျလို့ သုံးဦးထက် မနည်းသေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံမှာ လူနေ တိုက်တစ်လုံး ရုတ်တရက် ပြိုကျခဲ့ရာက လူ ၃ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

 အူတာပရာဒက်ရှ် ပြည်နယ်က လက္ကနောင်းမြို့မှာ ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်း နေမထွက်ခင် ၄ ထပ် အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာဖြစ်ပြီး အပျက်အစီးပုံအောက်မှာ ပိတ်မိနေသူတွေ တော်တော်များများ ရှိနေတယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

 ပြည်နယ် အစိုးရ ဒုတိယ အကြီးအကဲ ဘရာဂျက်ရှ် ပါသက်ခ်က ဇန်နဝါရီ ၂၅ ရက် ညပိုင်းထိ အခြေအနေတွေအရ လူ ၃ ဦးထက်မနည်း သေဆုံးတာကို အတည်ပြုနိုင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

 ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက လက္ကနောင်းနဲ့ ကီလိုမီတာ ၄၄၀ လောက် အကွာမှာ ရစ်ချ်တာစကေး ၅.၈ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အဲဒီ ငလျင်ရဲ့ အရှိန်ကြောင့် တိုက်ရဲ့ ကြံ့ခိုင်မှုအပေါ် ထိခိုက်သက်ရောက်ခဲ့တာလို့ ယုံကြည်ရပါတယ်။

 အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ ဦးရေဟာ ၃၀ နဲ့ ၄၀ ကြားလောက် ရှိမယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးဌာန အကြီးအကဲ ဒီဗန်ဒရာဆင်းက ဆိုပါတယ်။ ကယ်ဆယ်ရေး ကဏ္ဍမှာတော့ မီးသတ်တပ်ဖွဲ့တွေ၊ ရဲဝန်ထမ်းတွေ၊ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်း ဆောင်ရွက်နေပြီး အပျက်အစီးပုံအောက်မှာ အသက်ရှင်လျက် ပိတ်မိနေနိုင်သူတွေကို အဆောတလျင် ရှာဖွေနေပါတယ်။

 အိန္ဒိယမှာတော့ အိုမင်းဟောင်းနွမ်းပြီး ကြံ့ခိုင်မှု အားနည်းတဲ့ အဆောက်အအုံ ပြိုကျမှုတွေကြောင့် လူ့အသက် ဆုံးရှုံးမှုတွေ ဖြစ်ပွားတာမျိုးက ကြုံတောင့်ကြုံခဲ ကိစ္စမျိုး မဟုတ်တော့ပါဘူး။ ၂၀၂၁ ခုနှစ်တုန်းကဆိုရင် အဆောက်အအုံ ပြိုကျမှုတွေကြောင့် အိန္ဒိယမှာ လူပေါင်း ၁၆၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အမျိုးသား မှုခင်း မှတ်တမ်း ဗျူရိုရဲ့ စာရင်းတွေအရ သိရှိရပါတယ်။