ကျိုက်ထိုမှာ ဘုရားဖူးကားပေါ်လက်နက်ကြီးကျလို့ တဦးသေ၊ခုနစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဒီကနေ့ (ဇန်နဝါရီ ၂၅ ရက်) နေ့လယ် ၁၂ နာရီလောက်က ကျိုက်ထီးရိုး ဘုရားဖူးလာတဲ့ ခရီးသွားဟိုင်းလတ်ယာဉ်ပေါ်ကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 ယာဉ်မောင်းအပါအဝင်ကျိုက်ထီးရိုးဘုရားလာဖူးသူကိုးဦးလိုက်ပါလာတဲ့ ဟိုင်းလတ်ယာဉ်ဟာ ရန်ကုန်-မော်လ မြိုင်ကားလမ်းမကြီး မုပ္ပလင်ဂိတ်အနီး စစ်ဆေးခံဖို့ စောင့်နေချိန်မှာ ၄၀ မမလက်နက်ကြီးတစ်လုံး ကားပေါ် ကျပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။

အဲဒီလက်နက်ကြီးပေါက်ကွဲမှုကြောင့် ကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားအမျိုးသားစုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မုပ္ပလင်ဒေသခံတစ်ဦးက DNA  ကို ပြောပါတယ်။

“မုပ္ပလင်ဂိတ်မှာ စစ်ဆေးခံဖို့ စောင့်နေချိန်ပဲ၊ ဂိတ်ကိုတော့ မရောက်သေးဘူး၊ အဲဒီလက်နက်ကြီးက သူတို့ ကား ပေါ်ကျပြီး ပေါက်ကွဲသွားတာ၊ ကားအလယ်တည့်တည့်ကို ကျပေါက်တာ၊ အဲဒီမှာပဲ အမျိုးသားတဦးသေတယ်၊ နောက် ၇ ဦးက ဒဏ်ရာရသွားတယ်၊ ၄၀ မမ အမျိုးအစားလို့ပဲ သိထားရတယ်။သူတို့(ဘုရားဖူးများ) ဘယ်အရပ်က လာတာ လည်းဆိုတာတော့ ကျွန်တော်မသိပါဘူး ” လို့ ဒေသခံက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ခရီးသွားပြည်သူတွေဟာ လက်ရှိမှာ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြပြီး  လေးဦးကဒဏ်ရာ ပြင်းထန်တယ်လို့ သူက ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ မုပ္ပလင်စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းစကားများရာကနေ တပ်ဖွဲ့ဝင်တ ဦးက လက်နက်ကြီး မိုးပေါ်ထောင်ပစ်ရာက ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေပြောဆိုနေ ကြပေမယ့် DNA  အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လတ်တလောကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေ သလို KNU၊PDF  ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ၊ ကင်းစခန်းတွေ၊ ဌာနဆိုင်ရာရုံးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။

ဒီလိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ကျိုက်ထိုမြို့နယ်အတွင်းက အရပ်သားပြည်သူ (၄၀၀၀) နီးပါး နေ ရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံ ခရိုင်က ထုတ်ပြန်ထားပါတယ်။