ကရင်နီစစ်ရှောင်စခန်းတွေအနီးကို စစ်တပ်ကလေကြောင်းကတိုက်ခိုက်နေ

ကရင်နီ(ကယား)လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းစစ်ဘေးရှောင်စခန်းနေရာအနီးမှာ  စစ်ကောင်စီတပ်က အခုဇန်နဝါရီလထဲမှာပဲ လေကြောင်းကတိုက်ခိုက်မှုတွေရှိနေလို့ စစ်ရှောင်တွေနေရာပြောင်းရွေ့မှုတွေလုပ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေကပြောပါတယ်။

မနေ့ညနေပိုင်းက လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စုက စစ်ရှောင်စခန်းတခုလေကြောင်းနဲ့တိုက်ခိုက်ခဲ့ရတဲ့အကြောင်း ဒေသတွင်းသတင်းတွေမှာလည်းဖော်ပြထားပါတယ်။

“ညနေ ၅နာရီ နဲ့ ၅နာရီခွဲ ဝန်းကျင်မှာ စစ်ရှောင်စခန်းပတ်လည်ကိုလေကြောင်းနဲ့ဗုံးကြဲသွားတာ။သုံးကြိမ်လာကြဲသွားတယ်။ဗုံးကြဲခံရတဲ့နေရာကလူနေထိုင်တာမရှိတော့ယာယီတဲတွေပဲထိသွားတယ်”လို့  စစ်ရှောင်စခန်းတာဝန်ရှိသူတဦးကလည်း DNA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေကဟာ အဲဒီစခန်းနေရာအနီးမှာလေကြောင်းတိုက်ခိုက်မှုတကြိမ်လုပ်ခဲ့သေးတယ်လို့လည်းဆက်ပြောပါတယ်။

တဖက်မှာလည်း ကရင်နီဒေသမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီး  လွိုင်ကော်မြို့ ဖာ့တီမာကျေးရွာ မယ်တော်ဂူအနီးမှာစစ်ကောင်စီတပ်နဲ့ KNDFပူးပေါင်းအဖွဲ့ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ရက်နေ့အထိ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့တယ်လို့ ကရင်နီဒေသကာကွယ်ရေးတပ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။

အဲဒီတိုက်ပွဲအတွင်းKNDF B-12 က ရဲဘော်တစ်ဦးနဲ့လွိုင်ကော် PDF ကရဲဘော်တစ်ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များခဲ့တာကြောင့်အခုလိုလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ KNDFသတင်းနဲ့ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။

“တိုက်ပဲဖြစ်နေတုန်းကKNDF တပ်ရင်း၁၂ ကရဲဘော်တစ်ဦးနဲ့လွိုင်ကော်PDF တပ်ဦးကျဆုံးသွားတယ်။ စစ်ကောင်စီတပ်ကအကျအဆုံးများတော့စစ်ရှောင်စခန်းရှိတဲ့ဘက်ကိုလေကြောင်းနဲ့မှန်း​ပြီးဗုံးကြဲသွားတဲ့သဘောလို့ပဲယူဆပါတယ်”လို့ KNDF တာဝန်ရှိသူကပြောပါတယ်။

တိုက်ပွဲဖြစ်ပွား ပြီးနောက်စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်အထိဖာ့တီမာနဲ့  လွယ်ထွဲရွာတို့အနီးမှာတပ်စွဲထားတဲ့အပြင်လွိုင်ကော်မြို့တွင်းမှာလည်းစစ်ကားတွေနဲ့လှည့်လည်ကာစစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ဒေသခံတွေ​ကပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်၂ နှစ်ဝန်းကျင်ဝန်းကျင်အတွင်းကရင်နီဒေသမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ်ရှိခဲ့တယ်လို့တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ကပြီးခဲ့တဲ့ဇန်နဝါရီလ ၁ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူပဲ ဒီကနေ့ ဇန်နဝါရီ ၂၅ မနက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းစစ်ရှောင်နေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ဒီးမော့ဆို-PDF ပူး​ပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့်ဒေသခံ ၁၀၀၀ ကျော်ဟာနေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေကပြောပါတယ်။