လေကြောင်းနဲ့တိုက်ခိုက်ခံထားရတဲ့ မိုးတားလေးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်တွေမီးထပ်ရှို့နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မိုးတားလေးကျေးရွာအုပ်စု ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာပဲစစ်ကောင်စီရဲ့လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၂၂ရက်မနက်ပိုင်းမှာ နေအိမ်တွေကို မီးထပ်ရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

 ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မိုးတားလေးကျေးရွာအုပ်စုထဲက တိုက်ကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့တာဖြစ်ပြီး ကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။

” ဒီကနေ့ တိုက်ပွဲဖြစ်တာမရှိသေးဘူး။ တိုက်ကုန်းမှာ မီးရှို့ပြီးတော့ စခတွေက မိုးတားလေးကျေးရွာ ဖက်ကိုဆက်သွားနေတယ် ” လို့ သူကပြောပါတယ်။

အလားတူပဲ စစ်ကောင်စီက တပ်စွဲထားလို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတဲ့ မိုးတားလေးကျေးရွာကို လည်း စစ်အုပ်စုက ပြည်သူပိုင် ပစ္စည်းတွေကို ထင်သလို ခိုးယူနေအိမ်တွေကို မီးရှို့နေတယ် လို့ အဲဒီရွာသား တဦးကပြောပါတယ်။

” ကျနော်တို့သိရသလောက်တော့ ရွာမှာ ဘယ်သူမှာမရှိတော့ဘူးလေ။ ဆိုင်ကောင်းတွေလည်း ဒီအတိုင်းထားခဲ့ပြီးအကုန်ထွက်ပြေးနေရတယ်။ စစ်တပ်ကကောင်တွေက ဘောက်တွေနဲ့ သီချင်းတွေဆို မူးရူးပြီး ထင်သလို မီးရှို့နေတယ်။ ပစ္စည်းတွေလည်း သူတို့လိုချင်တာကို ထင်သလိုယူနေကြတယ် ” လို့ ဒေသခံကဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၉ ရက်နေ့က မိုးတာလေးရွာအနီးက တောတွင်းတနေရာမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်း ကျေးရွာအတွင်းကိုဂျက်ဖိုက်တာ ၃ စီးနဲ့ ပေါင်ငါးရာ မီးလောင်ဗုံးတွေကျဲချခဲ့ပါသေးတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ ရွာထဲက အလှူတခု အနီးသို့ ကျရောက်ခဲ့တဲ့အတွက် ဒေသခံ ၇ဦးထက်မနည်း ဆုံးပြီး ဒဏ်ရာရခဲ့သူအများအပြားရှိခဲ့ပါတယ်။