မြိုင်မြို့နယ် ဗဟင်းရွာကပြည်သူ့ဆေးရုံ လေ ကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံတဦးသေဆုံး

မကွေးတိုင်း၊မြိုင်မြို့နယ် ဗဟင်းရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာ ရဟတ်ယာဥ်နဲ့ လေကြောင်းကပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ တဦး သေဆုံးသွားတယ်လို့ ဗဟင်းဒေသခံ တဦးက DNA ကိုပြောပါတယ်။

“ဆေးရုံရဲ့ အနောက်ဖက်က အိမ်ဝင်းထဲမှာကြောက်လို့ မန်ကျည်းပင်အောက်ဝင်နေတာမယ် ခြေထောက်နှစ်ချောင်းလုံးပြတ်တယ်ဗျာ၊လက်လည်းအရိုးထွက်တယ်ဗျာ၊အဲ့ဒါဆုံးသွားပြီ” လို့သူကပြောပါတယ်။

သေဆုံးသူဟာ အသက်ခြောက်ဆယ်အရွယ် ရွာခံအမျိုးသမီးတဦးဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီက အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဆေးရုံကတော့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူနာတွေကိုအချိန်မီကယ်ဆယ်နိုင်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။

” အတိအကျတော့မပြောတတ်ဘူးဗျာ၊ ၄၀မမလောက်ရှိမှာပေါ့၊အဲ့ဒါတွေ အချက်နှစ်ဆယ်လောက်ပစ်တာ၊ဆေးရုံအဆောက်အဦးတွေပျက်စီးသွားတယ်၊ဓာတ်မှန်ခန်းဆိုအတည့်ကျတာ” လို့ ဗဟင်း ရွာ ဒေသခံကပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရချိန် အဲ့ဒီဆေးရုံထဲမှာ မွေးလူနာတွေ၊ခွဲစိတ်လူနာတွေအပါအဝင် လူနာ ငါးဆယ်ကျော်လောက်ရှိနေပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဗဟင်းရွာတဝိုက်မှာ ဒီကနေ့အပါအဝင် လတ်တ လော ရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ခဲ့တာ မရှိဘဲ အလစ်အငိုက်လာရောက်ပစ်ခတ်တဲ့အနေအထားဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

ဒီကနေ့ လေကြောင်းကတိုက်ခိုက်ခံရတဲ့ ဗဟင်းရွာမှာအရင်က စစ်ကောင်စီရဲစခန်းရှိခဲ့ပြီး စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်တာ၊ ရွာထဲစစ်ကြောင်းထိုးဝင် မီးရှို့တာတွေလုပ်ခဲ့ဖူးပါတယ်။

အဲ့ဒီရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မကြာမကြာကြိုးစားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းမှာတော့ အဲ့ဒီရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစွန့်ခွာသွားခဲ့ကြပါတယ်။