မင်းအောင်လှိုင်ရောက်နေချိန် ညအချိန်မီးရှိုးမီးပန်းတွေ ဖောက်လို့ သံတွဲဒေသခံတွေ ထိတ်လန့်ခဲ့ကြရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီကို ရောက်နေခဲ့တဲ့ မင်းအောင်လှိုင်ဟာ မနေ့က ဇန်နဝါရီ ၂၀ ရက်နေ့ ညမှာ ကျယ်လောင်တဲ့အသံတွေနဲ့ မီးရှုူးမီးပန်းတွေ ပစ်ဖောက်ခဲ့တဲ့အတွက် သံတွဲမြို့နယ်အတွင်းက ဒေသခံတွေ စိုးရိမ် ထိတ်လန့်ခဲ့ကြရတယ်လို့ ပြောကြပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သံတွဲမြို့နယ်မှာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်ကတည်းက ရောက်နေခဲ့တာ ဖြစ်ပြီး ဒီနေ့ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပြန်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သူရှိနေစဉ် ထိုင်း-မြန်မာနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အ ဆင့်မြင့်အရာရှိကြီးများကော်မတီအစည်းအဝေးကို ကျင်းပပြီး ထိုင်းနိုင်ငံစစ်ဦးချုပ်တို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

မနေ့ကညပိုင်းမှာတော့ နှစ်နိုင်ငံ စစ်ခေါင်းဆောင်တွေ အစည်းအဝေးကျင်းပတဲ့ သံတွဲမြို့နယ် ငပလီ Jasmine Ngapli Resort ထဲကနေ မီးရှုးမီးပန်းတွေ ပစ်ဖောက်ခဲ့တာဖြစ်တယ်လို့ ဒေသံတွေက ပြောကြပါတယ်။

“တဒိုင်းဒိုင်းနဲ့ အသံတွေ ကြားရတယ်လေ၊သံတွဲမြို့ထဲကတောင် ကြားတယ်၊ဘာဖြစ်မှန်းမသိတော့ စစချင်းမှာ အကုန်လန့်ဖြန့်ကုန်ကြတယ်၊တစ်ချို့ဆိုရင် အထုတ်အပိုးတွေတောင် ပြင်ထားကြပြီ၊ ဘာဖြစ်မှန်းမသိ ပြေးကြ မယ်ဆိုပြီး”လို့ Jasmine Ngapli Resort နဲ့ ငါးမိုင်လောက်ဝေးတဲ့ သံတွဲ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီပစ်ဖောက်သံတွေကို ငပလီနဲ့ ဆယ်မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ ရွှေလှေကျေးရွာတစ်ဝိုက်က ဒေသခံတွေလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။“အကုန်လုံး လန့်သွားကြတာပေ့ါ၊ အသံတွေ တအားအကျယ်ကြီး ကြားရတယ်၊ တိုက်ပွဲဖြစ်နေသလိုပဲ၊ သေနတ်ပစ်နေသလိုပဲ”လို့ ရွှေလှေရွာသားတဦးက ပြောပါတယ်။

အဲဒီမီးရှုးမီးပန်းတွေဟာ မင်းအောင်လှိုင်က ဖောက်ခိုင်းတာဖြစ်ပြီး နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေ ပြု လုပ်တဲ့ စစ်ဘက်ဆိုင်ရာအစည်းအဝေးအောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့ ဂုဏ်ပြုပစ်ဖောက်တာဖြစ်တယ်လို့ စစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံစစ်တပ်တွေ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

မင်းအောင်လှိုင်ဟာရခိုင်ခရီးစဉ်မှာ ထိုင်းနိုင်ငံစစ်ဦးစီးချုပ်အဖွဲ့နဲ့ တွေ့ဆုံခဲ့သလို သံတွဲမြို့နယ်မှာရှိတဲ့ ရေတပ်စခန်း တွေကိုလည်း သွားကြည့်ခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာရှိတဲ့ ဟိုတယ်၊ ခရီးသွားလုပ်ငန်းတွေရှင်တွေနဲ့ တွေ့ဆုံ ခဲ့ပြီး သံတွဲမြို့လေယာဉ်ကွင်းကိုလည်း သွားကြည့်ကာ အဆင့်မြင့်တင်နိုင်ရေးဆောင်ရွက်မယ်လို့ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ ရခိုင်ခရီးစဉ်အတွင်း သံတွဲအပြင် ကျောက်ဖြူ၊ စစ်တွေမြို့နယ်တို့ကိုပါ သွားရောက်မယ်လို့ သ တင်းတွေ ထွက်ခဲ့ပြီး ဒေသတွင်း စစ်ကောင်စီလက်အောက်ခံတွေကလည်း ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ကြပါ တယ်။ 

ဒါပေမယ့် မင်းအောင်လှိုင်ကတော့ သံတွဲမြို့နယ်တစ်ခုတည်းမှာသာ သုံးရက်တာ နေထိုင်ခဲ့ပြီး တစ်ခြားမြို့နယ်‌တွေ ဆီ သွားရောက်ခဲ့တာ မရှိပါဘူး။

“မင်းအောင်လှိုင် လာမယ်ဆိုပြီး ဒီမှာ ဒေသထွက် ကုန် ပြခန်းတွေ၊ ဘာတွေ လုပ်ထားကြတာတွေ့တယ်၊ ဒါပေမယ့် မရောက်လို့ အစီအစဉ် ပျက်သွားတယ်ပေ့ါ၊ မင်းအောင်လှိုင်က ကြောက်လို့ မလာတာလား၊ ဘာလို့လဲတော့ မသိ ဘူး”လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

ထို့အတူပဲ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာဆိုရင်လည်း မင်းအောင်လှိုင်လာမယ်ဆိုပြီးတော့ လမ်းဘေး ဆိုင်ခန်းတွေကို ဖျက်သိမ်းကာ မြို့တွင်း သန့်ရှင်းရေးတွေလုပ်၊ ပလက်ဖောင်းတွေ ဆေး သုတ်ကာ သစ်ပင်တွေကို ပါ ခုတ်လှဲထားခဲ့ကြပါတယ်။

ဒါ့အပြင် ရခိုင်မှာ မင်းအောင်လှိုင်ရှိနေစဉ်ကာလတစ်လျှောက်လုံးမှာ မီးမပြတ်ခဲ့ဘဲ မင်းအောင်လှိုင်ပြန်သွားတဲ့ ဒီနေ့ မနက်မှာတော့ မီးပြန်ပျက်သွားပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

 “မင်းအောင်လှိုင်ရောက်နေတဲ့ သုံး ရက်လုံး လုံး၀မပျက်ဘူး၊ဒီနေ့မနက် ကိုးနာရီလောက် မင်းအောင် လှိုင်ပြန်တော့ မီးက ချက်ချင်းကို ပျက်သွားတယ်” လို့ စစ်တွေမြို့ခံ တဦးက ပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ မင်းအောင်လှိုင်ရှိနေစဉ်အတွင်း ပင်လယ်ထဲ ငါးဖမ်းထွက်နေကြတဲ့ ငါးဖမ်းစက်လှေတွေ ဟာလည်း ကမ်းကပ်ခွင့်မရခဲ့ဘဲ ပင်လယ်ထဲ ညအိပ်ခဲ့ကြရပါတယ်။

Delta News

Read Previous

မြိုင်မြို့နယ် ဗဟင်းရွာကပြည်သူ့ဆေးရုံ လေ ကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံတဦးသေဆုံး

Read Next

ရှမ်းမြောက်မှာ လဝက်အတွင်း CDM ဝန်ထမ်းနှစ်ဆယ်ကျော်ဖမ်းဆီးခံရ