ရွာတွေအထိ ဆိုင်ကယ်တွေလိုက်ဖမ်းနေတဲ့ ပဲခူးတိုင်းမှာ ဆိုင်ကယ်လိုင်စင်ထုတ်ပေးမယ်လို့ဆိုပြန်

 

 

မြို့ပေါ်စစ်ဆေးရေးဂိတ်တွေနဲ့ မြို့တွင်းမှာသာမက ရွာဘက်တွေအထိ ယာဉ်ထိန်းနဲ့ရဲတွေကရောက်လာပြီး ဆိုင်ကယ်ဖမ်းဆီးမှုတွေ လုပ်နေတဲ့ ပဲခူးတိုင်းအတွင်းမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကိ လိုင်စင်ထုတ်ပေးမယ်လို့ စစ် ကောင်စီ တိုင်းအစိုးရအဖွဲ့က အခုလအတွင်း ထုတ်ပြန်ပါတယ်။

လိုင်စင်မဲ့ယာဉ်တွေအပြင် ယာဉ်မောင်းလိုင်စင်တွေလည်း ထုတ်ပေးမှာဖြစ်တယ်လို့ စစ်ကောင်စီတိုင်းအစိုးရ အဖွဲ့ က ကြေညာထားတာဖြစ်ပြီး သတ်မှတ်လိုင်စင်ကြေးနှုန်းထားမြင့်လို့ အဆင်မပြေနိုင်ဘူးလို့ ပဲခူးတိုင်းဒေသခံတွေ ကပြောပါတယ်။

“အသစ်ဝယ်ပြီးလိုင်စင်လုပ်မယ့်သူအတွက်တောင် အခုသတ်မှတ်ထားတဲ့ဈေးကဘယ်လိုမှအဆင်မပြေနိုင်ဘူး၊ အဟောင်းဆိုပိုဆိုတာပေါ့၊ ဆိုင်ကယ်တစ်စီးတန်ဘိုး သိန်း သုံးဆယ် ဆိုရင်ကို လိုင်စင်အပြီးအစီးနဲ့ဆို သိန်း၅၀ နီးနီးဖြစ်သွားမှာ “ဟု ပဲခူးမြို့က ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်နေသူတဦးကDNA ကို ပြောပါတယ်။

လိုင်စင်ပြုလုပ်ပေးရာမှာ ဆိုင်ကယ်တန်ဖိုးရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းကို အခွန်အဖြစ် ပေးသွင်းရမှာဖြစ်တဲ့အပြင် ကညနခွန်နဲ့ ဘီးခွန် သုံးမျိုးပေါင်းပေးဆောင်ရမှာဖြစ်တယ်လို့ တိုင်း အခွန်ဦးစီးဌာနက သတင်းထုတ်ပြန် ထား တယ်လို့သိရပါတယ်။

အဲ့ဒီလို သတ်မှတ်ထားတာကြောင့် ကျပ်သိန်းသုံးဆယ်တန်ဖိုးရှိ ဆိုင်ကယ်တစီးလိုင်စင််ရဖို့အတွက် အခွန်ကြေး သုံးမျိုးပေါင်း ကျပ် (၁၃)သိန်းဝန်းကျင် ကုန်ကျနိုင်တယ်လို့ ဆိုင်ကယ်လိုင်စင် လုပ်ဖို့ပြင်ဆင်နေသူတဦးက ပြော ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအတွင်းမှာ စစ်သားတွေ၊ရဲတွေနဲ့ယာဉ်ထိန်းတွေကို ဆိုင်ကယ်ဖမ်းဆီးမှုတွေ ပိုလုပ်လာနေပြီး ရွာတွေအထိ ဆင်းဖမ်းတဲ့အခက်တွေ့နေကြရတယ်လို့ ပဲခူးတိုင်းဒေသခံတွေက DNA ကိုပြော ထားပါတယ်။

အခုလို လိုင်စင်ထုတ်ပေးဖို့ပြင်လာပေမယ့် လက်ရှိမှာလည်း လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကိုပါ အကြောင်းအမျိုးမျိုး ပြဖမ်းဆီးနေတာကြောင့် ထူးခြားလာမှာမဟုတ်ဘူးလို့ ဆိုင်ကယ်နဲ့ ကုန်စိမ်းလှည့်ရောင်းတဲ့ ပြည်မြို့ ဒေသခံတဦး က ပြော ပါတယ်။

“ဖမ်းစီးစစ်ဆေးမှုတွေကနေ့စဉ်လို နေရာတော်တော်များများမှာ လုပ်နေတာ လချီနေပြီ၊ အခုလိုင်စင်လုပ်ပေး လည်း သူတို့ကဖမ်းချင်တိုင်းဖမ်းချင်သလိုပုဒ်မအမျိုးမျိုးတက်ဖမ်းနေတာပဲလေ၊ လိုင်စင်ရှိလည်း ဒဏ်ကြေးက ဆောင်နေရတာပဲ” လို့သူကဆိုပါတယ်။