ဘရိုက်တန် တောင်ပံတိုက်စစ်သမား ထရော့ဆက်ဒ်ကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ် အသင်းဟာ ဘရိုက်တန်ရဲ့ တောင်ပံ တိုက်စစ်မှူး လီယန်ဒရို ထရော့ဆက်ဒ်ကို စာချုပ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်မှာ ၂၀၂၆-၂၇ ဘောလုံးရာသီ အကုန်ထိ ရှိနေမှာဖြစ်ပြီး အသင်းက တောင်းဆိုရင် စာချုပ်သက်တမ်း ၁ နှစ် အလိုအလျောက် တိုးပိုင်ခွင့်လည်း ရှိမယ်လို့ ဆိုပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ်အသင်းဆီ ထရော့ဆက်ဒ်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၁ သန်းနဲ့ သီးခြားဆုကြေးတွေ ပေးချေဖို့ သဘောတူခဲ့ပါတယ်။

ထရော့ဆက်ဒ်ဟာ အခုဘောလုံးရာသီ အစောပိုင်းမှာ နာမည်ကြီး လီဗာပူးလ် အသင်းကို တစ်ဦးတည်း ၃ ဂိုးသွင်းပြီး Hat-Trick ယူခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံလာရပါတယ်။ သူဟာ အခုရာသီမှာ ဘရိုက်တန်အတွက် ပရီးမီးယားလိဂ် ၁၆ ပွဲ ကစားပြီး ၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာတော့ အသင်းမန်နေဂျာ ရောဘတ်တို ဒီဇာဘီနဲ့ ပြဿနာတချို့ ရှိခဲ့တာကြောင့် ပွဲကစားခွင့် ပျောက်ဆုံးနေခဲ့ပါတယ်။ သူဟာ ခွင့်ပြုချက် မရှိဘဲ လေ့ကျင့်ရေး အစီအစဉ်ကနေ စောပြန်သွားတာကြောင့် လီဗာပူးလ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဘရိုက်တန်အသင်း လူစာရင်းကနေ ချန်လှပ် ခံခဲ့ရပါတယ်။

အာဆင်နယ်ဟာ ဘယ်တောင်ပံတိုက်စစ် နေရာအတွက် ရှက်ခ်တာဒိုးနက်စ်ရဲ့ မစ်ဟိုင်လို မူဒရစ်ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ချဲလ်ဆီးကို ရွေးချယ်သွားတဲ့နောက် ထရော့ဆက်ဒ်ကို ပစ်မှတ်ပြောင်းလဲ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ဘယ်လ်ဂျီယမ် လက်ရွေးစင် ကစားသမားဟာ ပရီးမီးယားလိဂ် ကစားပုံကို အသားကျ ယဉ်ပါးပြီး ဖြစ်တာကြောင့် အသင်းကို ချက်ချင်း အထောက်အပံ့ ပေးလာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အာဆင်နယ်ဟာ အခုသီတင်းပတ်ကုန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ် လူစာရင်းထဲ ထရော့ဆက်ဒ်ကို ထည့်သွင်းနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယမ်အတွက် ၃ ပွဲစလုံး ပါဝင်ကစားခဲ့ဖူးတဲ့ ထရော့ဆက်ဒ်ဟာ အာဆင်နယ်မှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။