မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ မပြီးသေးဘူးလို့ မန်နေဂျာ တန်ဟက်ဂ်ပြော

ဆောင်းရာသီ အပြောင်းအရွှေ့ ကာလ မကုန်ဆုံးခင်ထိ ကစားသမားသစ်တွေကို စျေးကွက်ထဲမှာ ရှာဖွေနေဦးမယ်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ အခုလထဲမှာ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဝုထ်ဝက်ဂ်ဟော့စ်နဲ့ အင်္ဂလန်ဂိုးသမား ခရစ္စ ဘတ္တလန်တို့ကို ရာသီကုန်ထိ ရေတို အငှားစာချုပ်တွေနဲ့ ခေါ်ယူထားပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက အခုလမှာ အလုံးစုံ ရပ်တန့်သွားဦးမှာ မဟုတ်သေးဘဲ အသင်းအတွက် သင့်လျော်မယ့် လူသစ်မျိုး စျေးကွက်ထဲမှာ ရှိနေရင် ချဉ်းကပ်သွားမယ်လို့ နယ်သာလန်သား မန်နေဂျာက ဆိုပါတယ်။

မှန်ကန်ကောင်းမွန်တဲ့ လူသစ်ဖြည့်တင်းမှုမျိုးလို့ ယူဆရင် ကစားသမားသစ်တွေကို ခေါ်ယူဖို့ ယူနိုက်တက်မှာ ငွေကြေး အလုံအလောက် ရှိနေဆဲလို့လည်း တန်ဟက်ဂ်က ပြောပါတယ်။ ယူနိုက်တက်လို အသင်းမျိုးမှာတော့ ကောင်းသထက် ပိုကောင်းလာအောင် ရှုထောင့်ပေါင်းစုံကနေ စဉ်းစား အဖြေရှာနေဖို့ လိုကြောင်း၊ လက်ရှိမှာလည်း နည်းပြအဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ အသင်းရဲ့ လိုအပ်ချက်တွေကို အပြန်ပြန် အလှန်လှန် သုံးသပ်ထားကြပြီး သင့်တော်တဲ့ ကစားသမားမျိုး စျေးကွက်ထဲကို ရောက်လာရင် ကြိုးစား ကမ်းလှမ်းသွားမှာဖြစ်ကြောင်း သူက ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

တန်ဟက်ဂ်ဟာ ဘောလုံးရာသီ အစပိုင်းမှာလည်း အန်တိုနီ၊ လီဆန်ဒရို မာတီနက်ဇ်၊ တိုင်ရဲလ် မာလာစီယာနဲ့ ခရစ္စတီယန် အဲရစ်ခ်ဆန်တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အသင်းဟာ နောက်ထပ် လူသစ်တွေ ဖြည့်တင်းဖို့ အဆင်ပြေနေဆဲလို့ တန်ဟက်ဂ်က ယူဆနေပါတယ်။

ယူနိုက်တက်ဟာ ခရစ္စတယ်လ် ပဲလေ့စ်ကို ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ အသင်းရဲ့ ၉ ပွဲဆက် အနိုင်ရမှုစံချိန် ရပ်တန့်သွားခဲ့ပြီး အခုသီတင်းပတ်ကုန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။