သိမ်ဇရပ်အနီးက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေ

မွန်ပြည်နယ် သိမ်ဇရပ်မြို့အနီးက ကျေးရွာတွေကို မနေ့က ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာနေတယ်လို့ ဒေသခံတွေကDNA ကိုပြောပါတယ်။

သိမ်ဇရပ်မြို့အနီးကဝင်းကံနဲ့ဇီးပြောင်းစတဲ့ကျေး ရွာတွေကို သိမ်ဇရပ် အခြေစိုက်ခလရ (၂၀၇) တပ် ရင်းကအင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးဝင်လာတာဖြစ်တယ်လို့ ဝင်းကံကျေးရွာဒေသခံတဦးကDNA ကိုပြောပါတယ်။

“သေနတ်တွေပစ်ပြီးတော့ကိုဝင်လာတာခင်ဗျ”လို့သူကပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေဟာ ရေကျော်ကျေးရွာကတဆင့်ဇီးပြောင်း ကျေးရွာ အုပ်စုအတွင်းသို့ဝင်ရောက်ခဲ့ပြီးနောက် မနေ့ကညနေပိုင်းအထိဝင်းကံ​ကျေးရွာအနီးမှာတပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် မွန်​ပြည်နယ်နဲ့ပဲခူးတိုင်းထိစပ်နေတဲ့ ဝေါမြို့နယ်အတွင်း အချက်အချာ လမ်းဆုံတချို့နဲ့ရန်ကုန်-မော်လမြိုင် ကားလမ်းမတွေ ပေါ်မှာလည်း ဇန်နဝါရီ ၁၇ ရက်ညနေပိုင်းက စစ်ကောင်စီကတပ်အင်အား ရာချီနဲ့ လှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေ သခံတွေကပြောပါတယ်။

“စစ်ကား ၁၂ စီးသိမ်ဇရပ်ဘက်ကိုတက်သွားတာတွေ့လိုက်ရတယ်အင်အားက ၂၀၀ ကျော် ဝန်းကျင်ရှိတယ်သိမ်ဇရပ်ကခလရ ၂၀၇ထဲဝင်သွားတယ်”လို့ သိမ်ဇရပ်မြို့ခံတဦးကလည်းပြောပါတယ်။

စစ်ကောင်စီတပ်အင်အားအများအပြားနဲ့စစ် ကြောင်းထိုးလာပြီးဒေသတွင်းမှာတပ်စွဲထားတာကြောင့် ဝင်းကံကျေးရွာအတွင်းကဒေသခံတွေဟာ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က နီးစပ်ရာတောတောင်တွေထဲတိမ်းရှောင်နေကြသလို ကျေးရွာတွေထဲ ဆက်လက်နေထိုင်ကြသူတချို့လည်းရှိတယ်လို့သိရပါတယ်။

“ရွာထဲမှာတော့ရှောင်တဲ့သူတွေလည်းရှောင်ကုန်ပြီကျန်တဲ့သူတွေလည်းကျန်နေတယ်၊အခုအထိကသေနတ်ပစ်ခတ်အသံတွေမကြားရ​သေးဘူး” လို့ ဝင်းကံရွာခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်ကအင်အားရာချီနဲ့အခုလိုစစ်ကြောင်းထိုးနေမှုကြောင့်လက်ရှိမှာတော့ ဝင်းကံကျေးရွာနဲ့ဇီးပြောင်းကျေးရွာအုပ်စုတို့ကဒေသခံ နှစ်ထောင်ကျော်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကေအန်ယူတပ် မဟာ (၁)နဲ့PDF တွေတည်ရှိနေရာတွေကို အင်အားအလုံး အရင်းနဲ့စစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းကလည်း ကျိုက်ထို-ဘီလင်းမြို့နယ်ထိစပ်နေရာဖိုသိမ်ဝါးကျေးရွာနဲ့ညောင်ထောက်ကျေးရွာတွေမှာကေအန်ယူတပ်မ ဟာ (၁)KNLA၊PDF ပူးပေါင်းအဖွဲ့ နဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့လို့ဒေသခံနှစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိမွန်ပြည်နယ်အတွင်း မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းတွေပစ်ခတ်ခံရတာ၊ရဲစခန်းအပါအဝင် ဌာနဆိုင်ရာ အဆောက်အအုံတွေ တိုက်ခိုက်ခံရတာတွေရှိနေသလို စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေလည်း မကြာမကြာရှိနေပါတယ်။ဒါ့အပြင် စစ်တပ်ကလည်း ဒေသတွင်းလူနေကျေးရွာတွေဆီ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေလည်းရှိနေ ပါတယ်။