ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း ကမ်းခြေမြို့ သစ်တောတွင်းမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တောတွင်းစခန်းက လက်နက်ခဲယမ်းတွေကို စစ်ကောင်စီကပြီးခဲ့တဲ့ဇန်နဝါရီ ၁၅ မှာ တွေရှိပြီး သိမ်းဆည်းသွားတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ငရုတ်ကောင်း ဒေသမှာရှိတဲ့ သစ်တောတွေထဲအတွင်း နယ်မြေ စိုးမိုးရေး လုပ် ဆောင်ချိန်မှာ ငရုတ်ကောင်း ကမ်းခြေမြို့ သံပတ်ကွင်း ကျေးရွာရဲ့ အရှေ့မြောက် (၂၅) မိုင် အကွာရှိ တောအတွင်း တနေရာမှာ လက်နက်တွေသိမ်းဆည်းရမိသွားတာဖြစ်တယ်လို့ဆိုပါတယ်။
“စစ်ကြောင်း ထိုးရင်း လူမရှိ တဲ့ စခန်းက လက်နက်တွေ မိတာပါ။ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပြီး သိမ်းဆည်း မိ တာ မဟုတ်ဘူး “ လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦး က DNA ကိုပြောပါတယ်။
အဲဒီစခန်းမှာ လူ ၉ ဦး ခန့် စခန်းချ နေနိုင်တဲ့ တဲ (၅ )လုံး ၊ M 22 ပစ္စတို (၁)လက်၊ ကျည်အိမ် (၁)ခု ၊ ၉ မမ ကျည် (၂၂)တောင့် ၊ ၁၂ ဗို့လက်လုပ်သေနတ် (၁)လက်နဲ့ ကျည် (၁၀)တောင့်၊ တူမီး (၁)လက်၊ ဒူးလေး (၂) လက် ၊ ခဲသီး (၁၀၉)လုံး၊ မြား (၄၆)ချောင်း ၊ ကန့်မှုန့် (၅၀)ကျပ်သား၊ ယမ်းမှုန့် (၂၀)သား၊ ယမ်းကြိုး ၂၀ပေ (၁) ချောင်း၊ ဆိုလာ (၂)ချပ်တို့ ကို သိမ်းမိတာလို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ထံကသိရပါတယ်။
ဒါ့အပြင် အဲဒီနေ့ညနေမှာပဲ ပုသိမ်မြို့နယ်၊ အမှတ် ၃ရပ်ကွက် ကင်မလင်းကျွန်းမှာရှိတဲ့ ကားကြီးရပ်နားကွင်းနားမှာဒေသခံ လူငယ် ၆ဦးကို လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံတချို့ရဲ့ပြောပြချက်အရသိရပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ ကလည်း PDF တွေ ထံ ဆက်သွယ် ထောက်ပံ့တယ် စွပ်စွဲပြီး ပုသိမ် မြို့နယ် ချောင်း သာ ကမ်းခြေ တာဘောင်၊ ကံကြီး နဲ့ ဆိပ်ကြီး ရွာတို့ က ဒေသခံ အမျိုးသမီး ၄ ဦး နဲ့ အမျိုးသား ၅ ဦး ကို အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေ တယ် လို့ ဆက်သိရပါတယ်။