မန္တလေးမှာ စစ်ကောင်စီမဲစာရင်းကောက်တဲ့ နေရာတချို့ ပေါက်ကွဲမှုတွေဖြစ်ခဲ့

မန္တလေးမြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်ကောင်စီက မဲစာရင်းအတွက် အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူတာတွေလုပ်ဆောင်နေပြီး အဲဒီနေရာ နေရာတချို့မှာ ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကိုအတည်ပြုပြောဆိုကြပါတယ်။

မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း အချိန်မှာ စစ်ကောင်စီရဲ့ အိမ်ထောင်စုစာရင်းကောက်တဲ့ နေရာ ၅ ခုကို ဖောက်ခွဲအသိပေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ No More Dictatorship People Defence Force – NMD ပျောက်ကြားအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

” ပေါက်ကွဲသံကြားလိုက်ရတယ်။အတော်ကျယ်တယ်အသံမိုင်းကွဲတယ်လိုပဲသိတယ်။ လူထိခိုက်တာဘာညာ မရှိဘူး ” လို့ ချမ်းမြသာစည်မြို့နယ် ၁၁၃ လမ်းအနီးနေထိုင်သူ တဦးကပြောပါတယ်။

အလားတူ  ညပိုင်းမှာလည်း ၃၅လမ်းနဲ့ ၇၃လမ်းက မဲစာရင်းကောက်ယူတဲ့ ဓမ္မာရုံ အနီး နဲ့ ၅၆လမ်းနဲ့ ၅၇လမ်း၊ ၁၁၃လမ်းချမ်းမြသာစည်မြို့နယ်အတွင်းမဲစာရင်းကောက်တဲ့နေရာတွေနဲ့၆၈လမ်းနဲ့ ၁၀၇လမ်း ဘောလုံးကွင်းအရှေ့ဘက် ကသုခရပ်ကွက်ရုံး (မဲစာရင်းကောက်သည့်နေရာတွေမှာလည်းပေါက်ကွဲမှုတွေဆက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

” မဲစာရင်းကောက်တဲ့နေရာဆိုတာတော့ သေချာမသိဘူး ပေါက်ကွဲမှု ဖြစ်တယ်ဆိုတာကတော့ ဟုတ်ပါတယ်။ အသံမိုင်းပါ ပေါက်ကွဲပြီး တော့စစ်အုပ်စုရောက်လာတာရှိတယ် ” လို့ လမ်း ၉၀ အနီးနေထိုင်သူ တဦးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်ကို မလိုက်နာဘဲ စစ်ကောင်စီအလိုကျ ပူးပေါင်းနေသူတွေကို ပထမအကြိမ် အသိပေးဖောက်ခွဲပြီး ဒုတိယအကြိမ် ထိရောက်စွာတိုက်ချုက်မယ်လို့ မြို့ပြပျောက်ကြားအဖွဲ့တွေက ဆိုထားပါတယ်။

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မန္တလေးမှာ အိမ်ထောင်စု လူဦးရေစာရင်းကို တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group)တွေနဲ့ လုပ်နေတာဖြစ်သလို တအဖွဲ့ကို ၅ ဦးလောက်ပါဝင်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေကဆိုပါတယ်။