CNF ဌာနချုပ်ကို ဗုံးကျဲတိုက်ခိုက်မှုက စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုတဲ့ သိန္နိဌာန်ကို အားသစ်လောင်း ပေး ရာရောက်တယ်လို့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီပြော

ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်စခန်းကို စစ်ကောင်စီက မနေ့က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာဟာ ချင်း လူမျိုးတွေရဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုတဲ့ သန္နိဌာန်နဲ့ နာကြည်းမှုကို ပိုမိုအားသစ်လောင်းပေးရာ ရောက်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ချင်းလူမျိုးတွေအနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို ဆက်လက်တွန်းလှန်ခုခံသွားမယ်လို့ ICNCC က CNF  ဌာနချုပ် တိုက်ခိုက်ခံရတဲ့  မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းပြည်နယ်ထန်တလန်မြို့နယ်ထဲမှာ ရှိတဲ့ ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ် ဝိ တိုရိယစခန်းကို စစ်ကောင်စီတပ်က မနေ့က ညနေ လေးနာရီခွဲဝန်းကျင်မှာ ဂျက်တိုက်လေယာဉ် ငါးစီးနဲ့ ဗုံး ကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CNF/CAN ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက DNA ကိုပြောပါတယ်။

“ရဲ‌ဘော် သုံး ဦးနဲ့ ရဲမေ နှစ် ဦးကျသွားတယ်၊ ကျန်တာတော့ ထိခိုက်မှု မရှိဘူး”လို့ သူကပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားတဲ့ CNF/CNA ရဲဘော် ငါးဦးဟာ ဆလိုင်းဗန်ရိုပြန်၊ ဆလိုင်းဒုသင်၊ ဆလိုင်ကီလ်မန်၊ မိုင်ငွန်လှေပါရ် နဲ့ မိုင်ရွှေလဲန်ပါရ် တို့ဖြစ်တယ်လို့သိရပါတယ်။

 ကြားကာလချင်းအမျိုးသားကောင်စီကတော့  ချင်းအမျိုးသားတပ်ဦး ဌာနချုပ်အပါအဝင် ချင်းပြည်အတွင်း စစ် တပ်ရဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအရ အလွန်မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပြီး လူမျိုးရေးအရ စိတ်ဒဏ်ရာတွေကို ပိုမိုနက်ရှိုင်းသွားစေတယ်လို့ ဆိုပါတယ်။ 

အခုလို ဗုံးကျဲ တိုက်ခိုက်မှုလုပ်ခဲ့တာဟာ အခုနှစ်ဆန်းပိုင်းကပဲ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဒီနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမယ်လို့ ထုတ်ဖော်ပြောဆိုထားတာဟာ အလိမ်အညာသက်သက်သာဖြစ်တယ် ဆိုတာ ဝန်ခံရာလည်းရောက်တယ်လို့ ICNCC ကဆိုပါတယ်။

စစ်ကောင်စီဟာ မနေ့က CNF ဌာနချုပ်ကို လေကြောင်းက တိုက်ခိုက်ရာမှာ  အိန္ဒိယနိုင်ငံလေပိုင်နက်ကို အသုံးပြု ခဲ့သလို အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ထဲကိုလည်း ဗုံးတလုံးကျရောက်ပေါက်ကွဲတယ်လို့ သတင်းတွေထွက်နေ ပေမယ့် အိန္ဒိယနိုင်ငံကတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး ဌာနချုပ်စခန်းကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုအပေါ် ဝမ်းနည်း ကြောင်း ဖော်ပြတဲ့ အနေနဲ့ ယနေ့ ဇန်နဝါရီလ ၁၁ရက်မှာ ဟားခါးတမြို့လုံးနီးပါးဟာ ဆိုင်ခန်းတွေနဲ့ အိမ်တွေ ပိတ်ထားကြပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF/CAN တပ်ဖွဲ့ဟာ ၁၉၈၈ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတဲ့ ချင်းလက်နက်ကိုင် တော် လှန်ရေး အဖွဲ့တခုဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ၂၀၂၁ခုနှစ် အာဏာသိမ်းမှုအပြီးမှာ NUG နဲ့ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

CNF/CNA တပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းဟာလည်း NUG အစိုးရအဖွဲ့မှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်နေတာပါ။