နှလုံးဖောက်ပြန်မှုကြောင့် ရုတ်တရက် လဲကျသွားပြီး ဆေးရုံတက်နေရတဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ သီတင်းသုံးပတ် ကြာမြင့်လာတဲ့ထိ သတိမလည်သေးဘူးလို့ သိရပါတယ်။
နန်းတော်က ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းရဲ့ သမီးကြီးဖြစ်သူ အသက် ၄၄ နှစ်အရွယ် မင်းသမီး ဘက်ဂျ်ရာကစ်တီယာဘာရဲ့ ကျန်းမာရေး အခြေအနေ နောက်ဆက်တွဲ သတင်းတွေကို ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
မင်းသမီးဟာ ဒီဇင်ဘာ ၁၅ ရက်က ဘန်ကောက်မြို့တော် မြောက်ပိုင်းမှာ သူ့ရဲ့ ခွေးတွေကို လေ့ကျင့်ပေးနေရင်း ရုတ်တရက် လဲကျသွားတာကြောင့် အရေးပေါ် ဆေးရုံ တင်ခဲ့ရပါတယ်။ ဆေးစစ်မှုတွေအရ မင်းသမီးဟာ ရောဂါပိုးမွှား ဝင်ရောက်ရာက နှလုံးထိခိုက် ရောင်ရမ်းမှုကို အပြင်းအထန် ခံစားထားရတယ်လို့ သိရှိရကြောင်းလည်း နန်းတော်က ဆိုပါတယ်။
လက်ရှိ အခြေအနေကို ခြုံပြောရရင် မင်းသမီးဟာ သတိလစ် မေ့မျောနေဆဲ ဖြစ်တယ်လို့ နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဆရာဝန်တွေက လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ အစွမ်းကုန် လုပ်ဆောင်ပေးနေပြီး မင်းသမီးရဲ့ နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်တွေ ပုံမှန် ဆက်ပြီး အလုပ်လုပ်နိုင်အောင် စက်ပစ္စည်း ကိရိယာတွေ ထောက်ပံ့ပေးထားသလို မင်းသမီးရဲ့ ကျန်းမာရေးကို အနီးကပ် ကြပ်မတ် စောင့်ကြည့်နေကြောင်းလည်း သိရပါတယ်။
မင်းသမီး ဘက်ဂျ်ရာကစ်တီယာဘာဟာ ကိုယ်လက် ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကို စွဲစွဲမြဲမြဲ လိုက်စားခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သူ တစ်ဦး ဖြစ်ပါတယ်။ ထိုင်းဘုရင်ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ တစ်ဦးဦးကို ရွေးချယ် မထားသေးပေမယ့် အနောက်တိုင်း ခေတ်ပညာတတ် တစ်ဦးလည်းဖြစ်တဲ့ မင်းသမီးဟာ ရေပန်းအစားဆုံး စာရင်းမှာ ပါဝင်နေခဲ့ပါတယ်။
သူ့ကို ဗဂျီရာလောင်ကွန်းနဲ့ ပထမဆုံး ဇနီးဖြစ်သူ မင်းသမီး ဆွမ်ဆာဝါလီတို့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။