ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ဒီကနေ့ဇန်နဝါရီ ၆ရက်မနက်ပိုင်းက ထောင်တွင်း ဆန္ဒပြမှုတွေဖြစ်နေပြီးပစ်ခတ်မှုတွေပါရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက DNA ကိုပြောပါတယ်
ဒီကနေ့ မနက်ပိုင်းက ပုသိမ်ထောင်တွင်းမှာ နှစ်ရှည်ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ထောင်ဝန်ထမ်းတချို့ကရိုက်နှက်မှုတွေလုပ်ခဲ့တာကြောင့် မနက် ၉နာရီဝန်းကျင်မှာ ထောင်တွင်းမှာ အကျဉ်းသားတချို့ ဆန္ဒပြမှုတွေဖြစ်ပြီး ထောင်အာဏာပိုင်တွေက ပစ်ခတ်မှုတွေဆက်လုပ်ခဲ့တာလို့သိရပါတယ်။
“ထောင်ထဲကအော်ဟစ်သံတွေ ကြားရတယ်။ မိန်းဂျေးပေါ်ကနေ သေနတ် နဲ့ ၄ ချက်ပစ်သံကြားရတယ်။
မိုးပေါ် ထောင်ပစ်တာထောင်ပြင်ဘက် ကျဉ်ဆံကျလာတော့ ကျွန်မတို့လည်းပြေးရတယ်လို့” ဒီကနေ့ ထောင်ဝင်စာသွားပို့တဲ့အမျိုးသမီးတဦးက သူကြုံလာရတာကို DNA ကိုပြောပြပါတယ်။
ပုသိမ်ထောင်တွင်းမှာ ထောင်၁၀ နှစ်ကနေ နှစ် ၂၀ ထိချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ပုသိမ်မြို့ခံ တချို့ကို ဇန်နဝါရီ ၅ ရက်ညပိုင်းက လက်ကိုင်ဖုန်းထောင်တွင်းကို ယူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင်ဝန်ထမ်းတွေကရိုက်နှက်စစ်ဆေးတာတွေဖြစ်ခဲ့တယ်လို့ အကျဉ်းဦးစီးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဒီကနေ့မနက်မှာ ရိုက်နှက်ခံရသူတွေကို မူလအိပ်ဆောင်ကိုပြန်မပို့ ပဲ နေရာရွေ့ပြောင်းတာကို ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေက သွားရောက်တွေ့ဆုံခွင့်တောင်းရာမှာမပေးတာကြောင့် တွေ့ခွင့်ပေးရေး နဲ့ အဖြစ်အပျက်မှန် ဖေါ်ထုတ်ပေးရေး တို့အတွက် ဆန္ဒပြရာကနေ ထောင်ဆူပူမှု ဖြစ်တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပစ်ခတ်မှု ငြိမ်သက်သွားပြီဖြစ်ပြီး ပုသိမ်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရိုက်နှက်စစ်ဆေးတာတွေဆက်လုပ်နေတယ်လို့လည်း အကျဉ်ဦးစီး ဌာန နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
ပုသိမ်အကျဉ်းထောင်မှာတော့ နှစ်ရှည် ထောင်ချခံထားရတဲ့ နိုင်ကျဉ်းတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အမျိုးသား အမျိုးသမီး ၆၀၀ နီးပါး ရှိနေပြီး အခြားအမှုတွေနဲ့ဆိုရင် စုစုပေါင်း အကျဉ်းသား ၁၅၀၀ ဝန်းကျင်လောက်ရှိနေတယ်လို့လည်းသိရပါတယ်။