ရုရှား ထိန်းချုပ်နယ်မြေတွေကို ယူကရိန် လက်လွှတ်ပေးရင် ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ ပူတင်ပြော

ရုရှား ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုသာ ယူကရိန်းက စွန့်လွှတ်ပေးရင် ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ သဘောမျိုး ရုရှား အစိုးရဖက်က လေသံ လွှင့်လာပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ တူရကီ သမ္မတ ရာဂျစ် တာယစ် အာဒိုဂန်းနဲ့ ဆွေးနွေးချိန်မှာ တကယ်လို့ ယူကရိန်း အစိုးရဖက်ကသာ ရုရှား ထိန်းချုပ် နယ်မြေတွေကို လက်လွှတ်ပေးမယ်ဆိုရင် တွေ့ဆုံ ဆွေးနွေးမှုတွေ အစပြုလာနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၅ ရက်က နှစ်နိုင်ငံ သမ္မတတွေ ဆွေးနွေးမှုအတွင်း ပူတင်က စစ်ပွဲ ရပ်ဆိုင်းရေးနဲ့ ပတ်သက်လို့ ရုရှားဖက်က လိုလိုလားလား ရှိတဲ့အကြောင်း ထပ်မံ ပြောဆိုခဲ့တယ်လို့ ကရင်မလင် နန်းတော်က ထုတ်ပြန်ပါတယ်။

တူရကီ သမ္မတ အာဒိုဂန်းကတော့ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးမှုတွေကို ထောက်ခံမှာ ဖြစ်ပေမယ့် အပစ်အခတ် ရပ်စဲရေးဟာ မျှတတဲ့ ဖြေရှင်းမှု တစ်ခုတော့ ဖြစ်စေလိုတယ်လို့ တုံ့ပြန်ခဲ့ကြောင်း တူရကီ အစိုးရက ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံ သမ္မတတွေဟာ ယူကရိန်း စစ်ပွဲ အပါအဝင် နိုင်ငံတကာ အရေးကိစ္စ တချို့ကို ဖုန်းဆက် ဆွေးနွေးခဲ့ကြတာပါ။

ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတော်တော်များများကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ရုရှား အစိုးရက ယူကရိန်း ပြည်နယ်တွေဖြစ်တဲ့ ဒွန်းညက်စ်၊ လူဟန့်စ်ခ်၊ ဇာပေါ်ရစ်ဇီရာနဲ့ ခါဆွန်တို့ကို ရုရှား ပိုင်နက်ထဲ သွတ်သွင်းကြောင်း စက်တင်ဘာလက ကြေညာထားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ယူကရိန်းနယ်မြေ တစ်လက်မကိုတောင် ဖဲ့မပေးနိုင်ဘူးလို့ တင်းတင်းမာမာ တုံ့ပြန်ထားပါတယ်။

ပူတင်နဲ့ အာဒိုဂန်းတို့ဟာ စစ်ပွဲ ကာလအတွင်း ရုရှားတပ်တွေ ပိတ်ဆို့ထားရာ ပင်လယ်နက်ကနေတဆင့် ယူကရိန်းရဲ့ ကောက်ပဲသီးနှံတွေ တင်ပို့ရေး သဘောတူညီချက်နဲ့ ပတ်သက်လို့လည်း ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ သမိုင်းဝင် သဘောတူညီမှုကို ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့အတူ တူရကီ အစိုးရက အဓိက ကြားဝင် စေ့စပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။