မြဝတီမြို့က ပျောက်ဆုံးနေတဲ့ အသက်ခုနစ်နှစ်အရွယ်ကလေးငယ်ကို တလနီးပါးကြာချိန်အထိ ပြန်ရှာမတွေ့ သေးဘူးလို့ ကလေးငယ်ရဲ့ဖခင်ဖြစ်သူက ပြောပါတယ်။
“သားလေးသတင်းကခုထိအစအနမရဘူးကူပြီးရှာပေးတဲ့သူလဲမရှိဘူး၊ရဲစခန်းကတိုင်ချက်ဖွင့်လဲဒီဖက်မှာရှာပေးမယ့်သူ့မရှိဘူး၊ သားလေးကိုတော့မျှော်နေရတာပေါ့”လို့ သူကပြောပါတယ်။
မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်ထဲက ရွှေဘုန်းပွင့် (၁၉) လမ်းမှာရှိတဲ့ မိုးမခဘုန်းကြီးကျောင်းအနောက်ဘက်က နေအိမ်အနီးမှာ အသက် ၇ နှစ်အရွယ် မောင်ချစ်ချစ်တုန်ဟာ ဒီဇင်ဘာ(၁၀)ရက်ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မိသားစုတွေက ဆက်တိုက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြန်မတွေ့သေးတာပါ။
ပျောက်ဆုံးသွားတဲ့သားငယ်ဖြစ်သူကိုရှာဖွေနေရင်းကပဲ နာတာရှည်ရောဂါသည်တဦးလည်းဖြစ်တဲ့ မခင်ညိုစန်းဟာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
နှစ်ဆယ့်ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် မောင်ချစ်ချစ်တုန်ဟာ နာမကျန်းဖြစ်နေတဲ့ မိခင် ဖြစ်သူကို အနီးကပ် လက်တိုလက်တောင်း ကူညီပေးနေတဲ့ ကလေးငယ်ဖြစ်သလို ကလေးငယ် ပျောက်ဆုံးသွားတဲ့ အခြေအနေကို အနီးအနားမှာ မြင်တွေ့သူလည်း မရှိလိုက်တဲ့အတွက် သတင်းအစအန သိရတာ မရှိဘူးလို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးချိန်ကစပြီး မြို့ကြီးတွေမှာရာဇဝတ်မှုတွေထူပြောလာသလို မြို့ကြီးတချို့မှာ ကလေးပျောက်ဆုံးမှု တွေ မကြာခဏ ဖြစ်ပွားလာပြီးကလေးငယ်တချို့ကို ပြန်ရှာဖွေတွေ့တာတွေ ရှိပေမယ့် လနဲ့ချီကြာအောင် ပြန်မတွေ့လို့ မိသားစုတွေက ဆက်လက်ရှာဖွေနေကြရတာတွေလည်းရှိနေပါတယ်။