မြဝတီမြို့မှာ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေလို့ ဆိုလာနဲ့ မီးစက်သုံးသူတွေ ပိုများလာပြီး ဈေးနှုန်းမြင့်လာ

Photo – KIC

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်ဓာတ်အား ရက်ရှည်ပြတ်တောက်မှုကြောင့် မြို့ခံတွေ ဆိုလာနဲ့ မီးစက် အသုံး ပြုမှုပိုများလာပြီး ဈေးနှုန်းတွေလည်း အနည်းငယ်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့မှာ ဩဂုတ်(၂၀)ရက်ညပိုင်းကစလို့ လျှပ်စစ်မီးပျက်နေတာဖြစ်ပြီး ဘယ်အချိန်ပြန်အသုံးပြုနိုင် မယ်ဆို တာကိုလည်း ရေရေရာရာမသိကြရလို့ဆိုလာနဲ့ မီးစက်တွေ အသုံးပြုသူများလာတာဖြစ်တယ်လို့ မြဝတီမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဆိုလာနဲ့ကကျတော့ ဖုန်းအားသွင်း မီးထွန်းရုံလောက်ဘဲ အဆင်ပြေတာပေါ့၊ညဘက်ကတော့မီးပိတ်ထားပြီး Wifi ဘဲဖွင့်ထားရတာ၊ ပန်ကာတောင်မဖွင့်ဘူး၊နောက်နေ့နေမပူရင် အခက်အခဲတွေဖြစ်မှာကြောက်လို့မဖွင့်ရဲဘူး၊ ထမင်းချက်တော့လည်း မီးသွေးကို ဈေးကြီးပေးပြီးဝယ်ချက်ရတယ်” လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိအခြေအနေတွေကြောင့် အရင်ကထက်မီးစက်ဝယ်ယူသုံးစွဲတာတွေလည်း ပိုများလာတယ်လို့ မီးစက် Second ရောင်းသူတစ်ဦးက ပြောပါတယ်။ဒီလို အသုံးပြုသူများလာတဲ့အမျှ ဆိုလာ၊မီးစက်နဲ့ အားသွင်း ပြီးအသုံးပြုနိုင်တဲ့ မီးသီးစတဲ့ လျှပ်စစ်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

ဆိုလာနဲ့ မီးစက်တွေ ဈေးနှုန်းမြင့်တက်လာတဲ့အခြေအနေကမသိသာပေမယ့် အားသွင်း မီးသီးတွေကတော့ နှစ်ဆ၊ သုံးဆလောက်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသတွင်း ဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။ အရင်က အားသွင်းမီးသီးတလုံး ကျပ်(၁၅၀၀)လောက်သာရှိခဲ့ပေမယ့် လက်ရှိမှာ ကျပ်(၃၅၀၀)၊(၄၀၀၀)လောက်အထိ ဖြစ် လာပါတယ်။

မီးရက်ရှည်ပြတ်တောက်နေတာကြောင့် မီးစက်မဝယ်နိုင်တဲ့ လူတွေအတွက် ရပ်ကွက်လမ်းထိပ်တွေနဲ့ ရပ် ကွက် ထဲမှာရှိတဲ့ ဓမ္မာရုံတွေမှာမီးစက်နှိုးပေးထားရတဲ့ ဓလေ့တခုလည်းအသစ်ဖြစ်လာပါတယ်။ဒါ့အပြင် မီးစက်နဲ့ဖုန်း အားသွင်းပေးတဲ့ လုပ်ငန်းလည်း မြဝတီမှာ ခေတ်စားလာပါတယ်။

အခုလို ပြည်တွင်းက လျှပ်စစ်မီးကာလရှည်ပြတ်တောက်နေတာကြောင့် ထိုင်းဘက်က မီးပြန်ယူသုံးဖို့ စဉ်းစား တာတွေရှိပေမယ့် ထိုင်းမီးကလည်း အရင်ကထက် စရိတ်ပိုမိုမြင့်တက်လာမယ့် အခြေအနေရှိနေလို့ အများစုက မသုံးနိုင်ကြသေးပါဘူး။

မြဝတီမြို့ဟာ အရင်ကတည်းက ထိုင်းဘက်က လျှပ်စစ်မီးကိုလည်း ဝယ်ယူအသုံးပြုနေတဲ့ နယ်စပ်မြို့ဖြစ်ပြီး လက်ရှိမှာ စက်ရုံ၊အလုပ်ရုံတွေနဲ့ လုပ်ငန်းရှင်တချို့ကတော့ ထိုင်းဘက်ကမီးနဲ့ ဆက်ပြီးလည်ပတ်နေကြတာပါ။

တနိုင်တပိုင် လုပ်ငန်းတချို့ကတော့ မီးပြတ်တောက်မှုကြောင့် ရပ်နားထားရပြီး အဲ့ဒီလိုရပ်နားလိုက်ရတဲ့ လုပ်ငန်း တွေထဲမှာ တနိုင်တပိုင် အထည်ချုပ်လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ကော့နွဲ့ရွာနားမှာ ဩဂုတ် ၂၀ရက်က စစ်တပ်နဲ့ ဒေသတွင်းတော်လှန်ရေး တပ်တွေ တိုက်ပွဲဖြစ်ပြီး တာဝါတိုင်နှစ်ခု ပျက်စီးခဲ့တဲ့နောက် မြဝတီနဲ့ ကောကရိတ်မြို့နယ်တွေမှာ လျှပ်စစ်မီး ပျက်သွားခဲ့တာပါ။