တရုတ်ရဲ့ နည်းပညာ အမြင့်ဆုံး မောင်းသူမဲ့ လေယာဉ် (ဒရုန်း) တစ်စီးကို တိုက်လေယာဉ်တွေ စေလွှတ်ပြီး ကြားဖြတ် ဟန့်တားခဲ့ရကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
WZ-7 Soaring Dragon ဒရုန်းတွေဟာ အရမ်းမြင့်မားတဲ့ နေရာတွေမှာ တာဝေး ပျံသန်းနိုင်အောင် တီထွင် ထုတ်လုပ်ထားပါတယ်။ ကွမ်ကျိုးလေကြောင်း သိပ္ပံ ကော်ပိုရေးရှင်းရဲ့ လက်ရာဖြစ်တဲ့ ဒရုန်းတွေကို ထောက်လှမ်းရေး မစ်ရှင်တွေအတွက် အဓိက ရည်ရွယ်ထားပေမယ့် ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေ တပ်ဆင်ပြီး တိုက်ခိုက်ရေး ကဏ္ဍမှာလည်း အသုံးပြုနိုင်ပါတယ်။
ဇန်နဝါရီ ၁ ရက်ကတော့ ဂျပန်ကမ်းလွန်က အရှေ့တရုတ် ပင်လယ်ထဲမှာ WZ-7 တစ်စီး ပျံသန်းနေတာကို ဂျပန် ရေဒါတွေက ထောက်လှမ်းမိခဲ့ပါတယ်။ နောက်တစ်နေ့မှာလည်း အဲဒီနေရာမှာပဲ နောက်ထပ် WZ-7 တစ်စီးကို ထပ်ပြီး တွေ့ခဲ့ရပြန်ပါတယ်။
ဒီအခြေအနေကြောင့် ဂျပန်လေတပ်ဟာ F-15J တိုက်လေယာဉ်တွေကို စေလွှတ်ပြီး ဒရုန်းကို တားဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ WZ-7ဟာ ဂျပန် လေပိုင်နက်ထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာမျိုးတော့ လုံးဝ မရှိခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။
တရုတ်ရဲ့ ဒရုန်းတစ်စီး ချဉ်းကပ် ပျံသန်းမှုကြောင့် ဂျပန် တိုက်လေယာဉ်တွေ ကြားဖြတ် ဟန့်တားခဲ့ရတယ် ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ဂျပန် လေပိုင်နက်နဲ့ အရမ်းနီးနီးကပ်ကပ်ထိ တရုတ်ဒရုန်း ရောက်ရှိနေပြီးမှ ထောက်လှမ်း သိရှိခဲ့တယ် ဆိုတာကလည်း ဂျပန်ရဲ့ ပြည်စောင့်တပ်တွေအတွက် အငိုက်မိသလို အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။
နောက်ပြီး တရုတ်ရဲ့ ဒရုန်းဟာ ဂျပန်ရဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ အိုကီနာဝါနဲ့ မီယာကို ကျွန်းစုကြား ပိုင်းခြားထားတဲ့ မီယာကို ရေလက်ကြားကိုပါ ဖြတ်ပျံသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယ နေ့မှာလည်း အလားတူပဲ WZ-7 နောက်တစ်စီးက အဲဒီ လမ်းကြောင်းကနေပဲ ပျံသန်းခဲ့ပေမယ့် ဂျပန် လေပိုင်နက်ကို ထိပါးဖို့ ကြိုးစားတာမျိုးတော့ လုံးဝ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ် ရေတပ်ရဲ့ Liaoning လေယာဉ်တင် သင်္ဘောကြီးဟာ ဂျပန်နဲ့ သိပ်မဝေးတဲ့ အနောက်ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် တရုတ် စစ်တပ်က မျက်စိဒေါက်ထောက် စောင့်ကြည့်ခဲ့ရကြောင်းလည်း သိရပါတယ်။