ဓားစားခံအဖြစ် ဖမ်းခံရသူတွေကို စစ်ကောင်စီ ကထောင်သုံးနှစ်ကနေဆယ်နှစ်အထိချ

စစ်ကောင်စီက အလိုရှိနေတဲ့ တွံတေးမြို့က နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်မြင့်ကိုဖမ်းမမိလို့ ဓားစားခံအဖြစ် ဖမ်းသွားတဲ့ မိသားစုဝင်တွေကို ဒီဇင်ဘာလကုန်ပိုင်းမှာ သုံးနှစ်ကနေ ဆယ်နှစ် အထိ ထောင်ဒဏ်တွေချလိုက်တယ်လို့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။

တွံတေးမြို့နယ်၊ကုန်းဝက်ချောင်းကျေးရွာမှာနေထိုင်တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း မချိုဇင်မြင့်ကို ဖမ်းမမိတာကြောင့် အမေ၊မောင်၊ညီမ အရင်းတဦးနဲ့ဝမ်းကွဲညီမတဦး၊ ဦးလေးတော်စပ်သူ တို့ကို စစ်ကောင်စီကဖမ်းသွားပြီးနောက် ဒီဇင်ဘာ (၂၉)ရက်မှာထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ညီလေးက ပုဒ်မ သုံးခုမှာ နှစ်ခုပြုတ်သွားလို့၊ ပထမကစိုးရိမ်နေတာ တစ်သက်တစ်ကျွန်းနဲ့ သေဒဏ် ပုဒ်မ (၅၄) ပါနေတာ၊ ၅၀(ည)ရော၊အမိန့်ချမှ ၅၄နဲ့ ၅၀ည ပြုတ်သွားတာ”လို့ မချိုဇင်မြင့်ရဲ့မိသားစု ဝင်တဦးက ပြောပါတယ်။

အင်းစိန်ထောင်တွင်းတရားရုံးကမချိုဇင်မြင့်ရဲ့ မိခင် ဒေါ်စန်းအေး၊ မောင်ဖြစ်သူကိုအောင်ဇေယျာထွန်းနဲ့ ဦးလေးဖြစ်သူဦးဥာဏ်ဝင်းတို့ကို ပုဒ်မ ၅၂(က)အရ ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့သလို ညီမအငယ်ဆုံး ဖြစ်တဲ့ အနောက်ပိုင်းတက္ကသိုလ် ကျောင်းသူ မခင်ပြုံးကြည်ကို ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ ထောင်ဒဏ် ၁၀နှစ်၊ညီမဝမ်းကွဲတော်စပ်သူ မမြသက်မော် ကို ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

မမြသက်မော်ကတော့ ပုဒ်မ ၅၀၅(က)နဲ့ထောင် ဒဏ်ချမှတ်ခံခဲ့ရတဲ့အပြင် လက်ရှိမှာလည်း ပုဒ်မ ၅၀ (ည)နဲ့အမှုဆက်လက်ရင်ဆိုင်ရဆဲဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

မချိုဇင်မြင့်ဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခု နှစ် ဧပြီလမှာဖမ်းဆီးခံရကာ ငါးလကြာအကျဥ်းချခံရပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီနောက် ၂၀၂၂ ခုနှစ်  ဇွန်လအတွင်း စစ်ကောင်စီကမချိုဇင်မြင့်ကိုထပ်မံဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် ဖမ်းမမိတာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း အဲ့ဒီမိသားစုဝင်က ဆိုပါတယ်။

လက်ရှိ ထောင်ချခံလိုက်တဲ့မိသားစုဝင်တွေဟာ စစ်ကောင်စီက စွပ်စွဲထားတဲ့ကိစ္စတွေကိုကျူးလွန်ထားတာမရှိဘူးလို့လည်း ဆိုပါတယ်။

“အမေဆိုရင် သူ့နာမည်တောင် ရေးတတ်တာ မဟုတ်ဘူးဗျာ၊ညီလေးက သူ့ဖာသာ ကားမောင်းတဲ့သူ အငယ်ဆုံးညီမလေးဆိုရင် ရန်ကုန်မှာ သင်တန်း တက်နေတာ သူကတော့ ချိုဇင်မြင့်နဲ့အတူတူနေတာပေါ့၊အမေစုမွေးနေ့၊ဗိုလ်ချုပ်မွေးနေ့တွေဆို ရွာဘက်မှာ သစ်ပင်တွေစိုက် အလှူအတန်းလုပ် လေ့ရှိတယ်၊အဲ့ဒါတွေကြောင့် စကစကိုသတင်းပေးဖမ်း ခိုင်းတာဖြစ်မယ်၊ကျွန်တော်ညီကိုလည်း PDF ဆိုပြီး သင်တန်း ဆင်းနံပါတ်ပါ အပါထွက်ဆိုခိုင်းတာ”လို့ မိသားစုဝင်တဦးကပြောပါတယ်။

ဖမ်းဆီးချိန်မှာလည်း စစ်ကောင်စီတပ်သားတွေက အောင်ဇေယျာထွန်းကိုရိုက်နှက်ဖမ်းဆီးတာတွေလုပ်ခဲ့သလို နေအိမ်ထဲက ငွေကြေးနဲ့ အငှားယူမောင်းနေတဲ့ Light Truck ကားကိုပါ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုအောင်ဇေယျာထွန်းကို ဖမ်းဆီးခေါ် ဆောင်ချိန်မှာ သူ့ရဲ့သူငယ်ချင်းဖြစ်သူလည်း ဖမ်းဆီးခံရပေမယ့် စစ်ကောင်စီတပ်က ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ပြီး အလောင်းကို မိသားစုဆီ ပြန်မပေးခဲ့ဘူးလို့ ဆိုပါတယ်။