CDM ကျောင်းဆရာဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်တဲ့အပေါ် ပညာရေးအဖွဲ့တွေကန့်ကွက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊အထက(ခွဲ)ထိန်ပုတ်ကုန်းကျောင်းကမူလတန်းပြ CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ပညာရေးသမဂ္ဂအဖွဲ့ တွေက ကန့်ကွက်ကြောင်းထုတ်ပြန်လိုက်ပါတယ်။

ဆရာဦးကောင်းခန့်ကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလကတည်းက စစ်ကောင်စီက သပြေကုန်းရွာက စစ်ကောင်စီသတင်းပေးအသတ်ခံရမှုမှာ မသင်္ကာမှုနဲ့ဖမ်းဆီးသွားပြီး ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ   မြန်အောင်ခရိုင် ခရိုင်တရားသူကြီး ဦးဝင်းထွဋ်အောင်က သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

မူလတန်းပြဆရာ ဦးကောင်းခန့်ကျော်ဟာ မြန်အောင်မြို့နယ် ၊ သပြေကုန်းရွာ ဇာတိဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်ခဲ့သူ တဦးဖြစ်ပါတယ် ။

ဒီသေဒဏ်ချမှတ်မှုအမိန့်အပေါ်  ပညာရေးသမဂ္ဂနဲ့ကော်မတီတွေးအပါအဝင်အဖွဲ့ (၈) ဖွဲ့က ပြင်းထန်းစွာ ကန့်ကွက် ကြောင်းကို ဇန်နဝါရီ ၁ရက်နေ့က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီ့ကြေညာချက်ထဲမှာ ဖက်ဒရာယ်ဒီမိုကရေစီအရေးအတွက်တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အပြစ်မဲ့ CDM ကျောင်းဆရာ ၊ ဆရာမ တွေ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုအပေါ်မတရားဖမ်းဆီးသတ်ဖြတ် ဥပဒေမဲ့ တရားစီရင် သေဒဏ်ချမှတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရက်တွေအပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချတယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင်အခုလိုမတရားမှုတွေပြုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီအပေါ်နိုင်ငံတကာအစိုးရတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကထိထိရောက်ရောက်အရေးယူဖို့နဲ့အခုလိုမတရားသတ်ဖြတ်ဖမ်းဆီးနေတဲ့စစ်ကောင်စီကိုအရှိန်အဟုန်မြင့်ပြီးတော်လှန်သွားကြဖို့လဲတိုက်တွန်းထားပါသေးတယ်။

အဲ့ဒီသဘောထား ထုတ်ပြန်ချက်ကို အခြေခံနဲ့အဆင့်မြင့်ပညာအထွေထွေသပိတ်ကော်မတီ (GSC BHE) ၊တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ၊အခြေခံပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ၊ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂ၊တနသာ်ရီတိုင်းဒေသကြီးအခြေခံဆရာ၊ဆရာမများသမဂ္ဂ၊မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ဠနည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်တို့ကပူးတွဲထုတ်ပြန်ခဲ့တာပါ။