နိုင်ငံတိုင်းမှာ ပီလီရဲ့ နာမည်နဲ့ အားကစားရုံတွေ ရှိစေချင်တယ်လို့ ဖီဖာဥက္ကဋ္ဌပြော

ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ပီလီရဲ့ နာမည် ထည့်သွင်း မှည့်ခေါ်ထားတဲ့ အားကစားရုံ တစ်ခုလောက်ဆီ ထားရှိဖို့ တောင်းဆိုသွားမယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အကြီးအကဲက ပြောကြားသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဘရာဇီး ဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်းကြီး ပီလီကို ဂုဏ်ပြုဖို့အတွက် ဒီတောင်းဆိုမှုဟာ သင့်တော်တယ်လို့ ယူဆကြောင်းလည်း ဖီဖာ ဥက္ကဋ္ဌ ဂီယန်နိ အင်ဖန်တီနိုက ပြောပါတယ်။
အင်ဖန်တီနိုဟာ ပီလီရဲ့ ရုပ်အလောင်းကို ပရိသတ်တွေ နှုတ်ဆက် ဂါရဝပြုနိုင်အောင် စီစဉ်ထားရှိပေးရာ ဆန်းတို့စ်မြို့ကို ရောက်ရှိနေချိန်မှာ အခုလို မှတ်ချက် ပေးခဲ့တာပါ။ ဆန်းတို့စ်ဟာ ပီလီရဲ့ ဘောလုံးသမားဘဝ တလျှောက်လုံးနီးပါး အခြေချ ကစားခဲ့ရာ ဘရာဇီးကလပ် တည်ရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။
ပီလီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်အတွင်း ဘောလုံးလောကရဲ့ မီးရှူးတန်ဆောင် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်ပြခဲ့ပါတယ်။ သူဟာ ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုလည်း ၃ ကြိမ်တိုင် ဆွတ်ခူးခဲ့ဖူးပါတယ်။
အင်ဖန်တီနိုက ပီလီ ကွယ်လွန်သွားတဲ့အတွက် အရမ်း ကြေကွဲမိကြောင်း၊ ပီလီရဲ့ ဂုဏ်သတင်းဟာ ထာဝရ တည်တံ့နေမှာဖြစ်ပြီး သူဟာ ဘောလုံးလောကရဲ့ အထင်ကရ ပြယုဂ်တစ်ခုဖြစ်ကြောင်း ပြောပါတယ်။ ပြီးတော့ ဖီဖာ အဖွဲ့ဝင် နိုင်ငံတွေကိုလည်း ဖြစ်နိုင်ရင် အားကစားရုံ တစ်ခုလောက်ကို ပီလီရဲ့ နာမည် ထည့်သွင်းမှည့်ခေါ်ပြီး ဂုဏ်ပြုပေးကြဖို့ တိုက်တွန်း တောင်းဆိုသွားမယ်လို့ သူက အတည်ပြုခဲ့ပါတယ်။
ပီလီဟာ အူမကြီး ကင်ဆာရောဂါကို လအတော်ကြာ စွဲကပ် ခံစားခဲ့ရတဲ့နောက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ကျန်းမာရေး အခြေအနေ ပြန်လည် ဆိုးရွားလာပြီး ဆာအိုပေါ်လိုမြို့မှာ ဆေးရုံတက်နေရာက ဒီဇင်ဘာ ၂၉ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။