ထီးလင်းမှာ စစ်ကောင်စီက တနှစ်အတွင်း ကျေးရွာဆယ့်တရွာကိုမီးရှို့ပြီး လူနှစ်ဆယ်သတ်ဖြတ်

မကွေးတိုင်း၊ယောဒေသထီးလင်းမြို့နယ်မှာ စစ်ကောင်စီက တနှစ်အတွင်း ကျေးရွာ၁၁ ရွာက နေအိမ် (၁၃၈) လုံးကိုမီးရှို့ပြီး လူနှစ်ဆယ်ကိုသတ်ဖြတ်ခဲ့တယ်လို့ ထီးလင်းအခြေစိုက် ယောတော်လှန်ရေးတပ်(YRA) ရဲ့မှတ်တမ်းတွေအရသိရပါတယ်။

“ပြည်သူနှစ်ဆယ်သတ်ဖြတ်ခံရတာက ကျွန်တော်တို့နယ်စာရင်း၊ မြို့ပေါ်ကဟာ(အချက်အလက်) တွေ မပါသေးဘူး၊မြို့ပေါ်စစ်ကြောရေးမှာသေတာ ကျွန်တော်တို့သိသလောက် ခုနစ်ယောက်လော​က် ရှိတယ်” လို့ ကာကွယ်ရေး အဖွဲ့ဝင်တဦးကပြောပါတယ်။

ထီးလင်းမြို့နယ်မှာ မီးရှို့ခံရတဲ့ကျေးရွာတွေထဲ ထန်းပင်ကုန်းကျေးရွာက နေအိမ်အရေအတွက်အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပြီး အိမ်ခြေ(၇၀)ဝန်းကျင်လောက် မီးသင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပါဝင်တဲ့ စစ်ကြောင်းဟာ ထန်းပင်ကုန်းရွာအနီးက မောချောင်းကိုဖြတ်ကူးနေချိန်မှာ ဒေသကာကွယ်ရေးတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်လို့ စစ်ကောင်စီဘက်က သုံးဆယ်ဝန်းကျင်သေဆုံးခဲ့ပါတယ်။

အဲ့ဒီလို တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က တိုက်ပွဲအပြီးမှာ ထန်းပင်ကုန်းရွာအပါအဝင် အနီးဝန်းကျင်က ရွာခုနစ်ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ထီးလင်းမြို့နယ် ကျေးရွာတချို့ကပြည်သူတွေဟာ လက်ရှိအချိန်အထိ ရွာလုံးကျွတ်တိမ်းရှောင်နေကြရပြီး စစ်တပ်က ရွာတွေကိုဝင်ရင် ပစ္စည်းတွေရှိသမျှ ဖျက်ဆီးယူငင်တတ်တာကြောင့် ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို တောထဲမှာထားပြီး တောမှာပဲနေရသလိုဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်