ပဲခူးမြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတင်းကျပ်

ပဲခူးတိုင်း၊ ပဲခူးမြို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ နေရာတွေမှာဗုံးပေါက်ကွဲတာတွေ ဖြစ်ပြီးနောက် စစ်ကောင်စီက အချိန်မတော်ဧည့်စာရင်းစစ်တာတွေလုပ်နေသလို လုံခြုံရေးတိုးမြှင့်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလည်းလုပ်နေတယ်လို့ ဒေသခံ တွေက DNA ကိုပြောပါတယ်။

ပဲခူးမြို့အမှတ် (၂) ရဲစခန်းဝန်း၊တပ်မ(၇၇ )ရဲ့ ပင်မ ထောက်ပံ့ပို့ဆောင်ရေးတပ်ကင်းဂိတ်နဲ့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၃၁)ရက်က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီကအခုလို စစ်ဆေးမှုတွေလုပ်လာတာလို့ဆိုပါတယ်။

“မနက်အစောပိုင်းမှာတရပ်ကွက်လုံံးကိုဧည့်စာရင်းစစ်မေးသွားတယ်၊ဖမ်းဆီးခံရတာကိုတော့မကြားမိဘူး”လို့ပဲခူးမြို့၊အမှတ်(၂)ရဲစခန်းအနီးနေထိုင်သူတဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ ဧည့်စာရင်းစစ်ဆေးမှုကို မနက်လေးနာရီ ဝန်းကျင်မှာလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ပဲခူးမြို့ လမ်းဆုံနေရာတွေဖြစ်တဲ့ မဇင်းလမ်းဆုံ ၊ မဟာမြိုင်မီးပွိုင့် ပြင်စီမီးပွိုင့်၊ပဲ ခူးတက္ကသိုလ်ရှေ့နဲ့ညောင်အင်းတိုးဂိတ်တွေမှာ လည်း မနက် ၉ နာရီကနေ ညနေ ၅နာရီ ခွဲကျော် အထိမြို့တွင်းမြို့ပြင်သွားလာနေတဲ့ခရီးသည်ယာဥ်တွေနဲ့ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တယ်လို့မြို့ခံတွေက ပြောပါတယ်။

“မနက်ပိုင်းမှာမြို့ထဲကလမ်းဆုံတွေမှာဆိုင်ကယ်ကားအကုန်စစ်တယ်၊ဖုန်းပါအစစ်ခံရတယ်၊ညနေပိုင်းကိုတော့ရန်ကုန်အထွက် ညောင်အင်း တိုးဂိတ်မှာခရီးသည်ယာဥ်လိုင်းတွေကိုပိုစစ်တယ်၊ခရီးသည်တွေကို မှတ်ပုံတင်တွေ တောင်းစစ်တယ်၊ဆိုင်ကယ်တွေကတော့ မြို့ထဲနဲ့မြို့ ရှောင်လမ်းဆုံဘက်မှာပဲအစစ်များတယ်၊တွန်းသွားခိုင်းတယ်”လို့ပဲခူးမြို့ခံတဦးကဆိုပါတယ်။

ပဲခူးမြို့က ​နေရာသုံးခုမှ တရက်တည်းဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ပဲခူးမြို့နယ်ပကဖ အဖွဲ့နဲ့ Deik-U Defence Force အဖွဲ့တို့ ပူးပေါင်းပြီးနန်းထိုက်စံစစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပဲခူးတိုင်းစစ်ဒေသ(Bago RegionPDF)ကထုတ်ပြန်ပါတယ်။

အဲဒီမိုင်းဖောက်ခွဲမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦးသေဆုံးကာ နှစ်ဦးအပြင်းအထန်ဒဏ် ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပေမယ့်DNA ကသီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်တဲ့အခြေအနေအပေါ်အသေးစိတ်ထပ်မံထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ပဲခူးမြို့နယ်ပကဖအဖွဲ့ကအသိပေးထားပါတယ်။