ဂန့်ဂေါမြို့နယ်မှာစစ်တပ်က မီးရှို့လို့ နေအိမ်ရှစ်ရာဝန်းကျင် ဆုံးရှုံးခဲ့

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ နှစ်ကုန်အထိ ဂန့်ဂေါမြို့နယ် ကျေးရွာ (၂၁) ရွာက နေအိမ် (၇၇၆) လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်တွေကို အကူအညီပေး နေတဲ့ နှမ်းခါးလူငယ်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

” ဒီစာရင်းက ရှို့ခံရတဲ့ နေအိမ်တွေချည်းပဲစာရင်း၊ စပါးတိုက်တွေ၊ နွားစာတိုက်တွေ၊ တဲတွေ၊ စစ်ဘေး ရှောင်စခန်းက ယာယီတဲတွေ မပါသေးဘူး” လို့ နှမ်းခါးလူငယ်အဖွဲ့ တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ တဲတွေ၊ နွားစာတိုက်တွေ ပါထည့်တွက်ရင် အဆောက်အဦးပေါင်း ရှစ်ရာဝန်းကျင်ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သူကဆိုပါတယ်။

စစ်အာဏာရှင်ကို ခုခံတော်လှန်အားကောင်းတဲ့ ယောဒေသဂန့်ဂေါမြို့နယ်ကို စစ်ကောင်စီက စစ် ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာမှာ ၂၀၂၂ မတ်လ ၁ ရက်နေ့က အများဆုံးဖြစ်ပြီး အဲ့ဒီနေ့မှာ ကျေးရွာလေးရွာကို တပြိုင်တည်း မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စမ်းမြို့ကျေးရွာဟာ ရွာလုံးကျွတ် (နေအိမ် ၁၉၅ လုံး) မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာတွေထဲမှာ နှမ်းခါး၊ ထှယ်လှော်၊ စမ်းမြို့၊ သင်တော၊ မိုးစိုကျေးရွာတွေဟာ နေအိမ် ဆုံးရှုံးမှုအများဆုံး ဖြစ်ပါတယ်။ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီက ကျေးရွာတွေကို မီးရှိူ့ဖျက်ဆီးရုံသာမက စစ်ဘေးရှောင်စခန်းတွေထိပါ စစ်ကြောင်းထိုးပြီး တဲတွေနဲ့ စားနပ်ရိက္ခာတွေကို ဖျက်ဆီးတာ၊ လူနာတင်ယာဥ်နဲ့ ဆိုင်ကယ်တွေကို မီးရှို့တာတွေပါ ကျူးလွန်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီလို ကျူးလွန်တာတွေကြောင့် ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ဘေးရှောင် ငါးထောင်ဝန်းကျင်လည်းရှိနေပြီး အဲ့ဒီစစ်ရှောင်တွေဟာ တောထဲက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြရကာ နွေရာသီမှာ ရေရှားပါးမှုနဲ ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။