တမူးမြို့ခံ လင်မယားနှစ်ဦးပစ်ခတ်ခံရပြီး ရက်သားကလေးငယ်အပါအဝင် သုံးဦးထိခိုက်၊ အသက်အ န္တရာယ်စိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ တမူးမြို့  နန်းဖာလုံရပ်ကွက် မီးသတ်ရုံးရှေ့က လက်ဘက်ရည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး ဒီကနေ့ ဒီဇင်ဘာ (၃၀)ရက် ညပိုင်းမှာ ပစ်ခတ်ခံရလို့ အဲ့ဒီလင်မယားနှစ်ဦးအပြင် ရက်သားကလေးငယ်ပါ ထိခိုက်ပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

 တမူးမြို့ခံ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဦးချစ်စမ်းမောင်နဲ့ ဇနီးဖြစ်သူတို့ကို ဒီကနေ့ ညခြောက်နာရီခွဲ ဝန်းကျင်မှာ အမည်မသိသူတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆယ်ရက်သားကလေးငယ်လည်း ထိခိုက်ခဲ့သလို လင်မယားနှစ်ဦးကတော့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ဒီနေ့မနက်တမူးမှာပျူနဲ့ စခတွေ ခြေရှုပ်နေကြတာ၊ဘာလို့လဲတော့မသိဘူး၊ဆိုင်ကယ်နှစ်ယောက် အတူမစီးဖို့နဲ့ အင်္ကျီအနက်တွေမဝတ်ဖို့လည်း ပြောနေကြတယ်၊အခုညနေကျတော့ ကိုချစ်စမ်းမောင်တို့ကို သေနတ်နဲ့ဝင်ပစ်တာပဲ၊သူတို့ကဘာမှလုပ်ကြတဲ့သူလည်း မဟုတ်ဘူး၊ ပြည်သူကိုသတ်ချင်တိုင်း သတ်လို့ရတယ်ဆိုပြီး လုပ်ပြနေကြတာ”လို့ တမူးမြို့ခံတဦးကပြောပါတယ်။

လက်ဘက်ရည်ဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးကို ပစ်ခတ်ခဲ့တဲ့ အမည်မသိသူတွေဟာ ဆိုင်ကယ်လေးစီးနဲ့ လာကြတာဖြစ်တယ်လို့ မျက်မြင် မြို့ခံတချို့က DNA ကိုပြောပါတယ်။လက်ရှိမှာ ပစ်ခတ်ခံရသူတွေကို တမူး မြို့က ဂရေ့စ်ဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့ သိရပါတယ်။ 

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ကို ဘယ်သူတွေကို လုပ်တယ်ဆိုတာနဲ့ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် မြို့ခံတချို့ကတော့ ပျူစောထီးတွေက လုပ်တာလို့ ပြောဆိုတာတွေရှိနေပါတယ်။

တမူးမြို့၊နန်းဖာလုံရပ်ကွက်ဟာ နာမည်ကျော်နယ်စပ်ဈေးတစ်ခုဖြစ်တဲ့ နန်းဖာလုံဈေးကိုအမှီပြုထားတဲ့ လူနေရပ်ကွက်ဖြစ်ပြီး၊အိန္ဒိယနိုင်ငံ၊မိုးရေးမြို့နဲ့နီးစပ်ကာ နိုင်ငံရေးကောင်းမွန်ချိန်က အလွန်စည်ကားခဲ့တဲ့ ရပ်ကွက်တစ်ခုဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဲ့ဒီရပ်ကွက်နဲ့ အနီးတဝိုက် ဒေသတွေကို  ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တမူးမြို့မှာ လူသိများတဲ့ ပျူစောထီး တဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။