လောင်းလုံးက မင်္ဂလာဆောင်တခုမှာ ပေါက်ကွဲမှုဖြစ်လို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအရှေ့ပိုင်းမှာ ဒီကနေ့ မနက်ပိုင်းက မင်္ဂလာဆောင်တခုအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားလို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝေဒီကျေးရွာ အရှေ့ပိုင်းက ဦးတင်သိန်းနဲ့ ဒေါ်အေးရှစ်တို့ရဲ့သားဖြစ်သူ မင်္ဂလာဆောင် ကျင်းပနေချိန် ဒီကနေ့ ဒီဇင်ဘာ (၂၉) ရက် မနက်ခုနစ်နာရီဝန်းကျင် မင်္ဂလာမဏ္ဍပ်ထဲမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး မဏ္ဍပ်ထဲရှိနေတဲ့ အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ဦးခေါင်း၊ ရင်ဘတ်၊ လက်နဲ့ခြေထောက်တွေမှာ ဗုံးစထိမှန်ဒဏ်ရာတွေရခဲ့ကြတယ်လို့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။

“မနက်က မင်္ဂလာပွဲမှာ ဗုံးပေါက်တာ၊ အဲ့ချိန်က လူတော့အရမ်းမများသေးဘူး၊ မနက်ပိုင်းဆိုတော့လေ၊ ဗုံးကနှစ်လုံးပေါက်တာ၊ ပထမတစ်ချက်က အသံတိုးတယ်၊ ဒုတိယအချက်က နည်းနည်းကျယ်တယ်၊ အဲဒီအနီးအနားနဲ့ စားပွဲတွေမှာရှိနေတဲ့သူတွေ ဗုံးစထိသွားတာပေါ့၊ ကလေးလည်းပါတယ်၊ လူကြီးလည်းပါတယ်” လို့ သူကပြောပါတယ်။

ဗုံးစထိမှန်ခဲ့တဲ့သူတွေကို လူနာတင်ယာဉ်တွေနဲ့ ထားဝယ်ဆေးရုံတင်ပို့ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သူကဆိုပါတယ်။

အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (LLPDF) ဘက်က သူတို့လုပ်ဆောင်တာ မဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဘက်က လုပ်ဆောင်တာလို့ ထုတ်ပြန်ထားသလို စစ်ကောင်စီထောက်ခံတဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာတော့ ဒါဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လုပ်တာလို့ အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။

ဒေသခံတွေဘက်ကတော့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်မှုတွေလည်း ရှိနေကြသလို ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူတွေအတွက် တာဝန်ယူ၊ တာဝန်ခံကြဖို့ လိုလားတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မင်္ဂလာဆောင်က သတို့သား၊ သတို့သမီး မိသားစုတွေဟာ နိုင်ငံရေးနဲ့ပတ်သက်မှုမရှိသူတွေလို့ ဒေသခံတွေကဆိုပါတယ်။ သတို့သားမိသားစုဟာ ဝေဒီကျေးရွာက ဒေသခံတွေဖြစ်ပြီး သတို့သမီးကတော့ ရန်ကုန်က ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေရဲ့ ပုံရိပ်ကျဆင်းအောင်နဲ့ ပြည်သူတွေရဲ့ အထင်မြင်လွဲမှားမှုတွေ ဖြစ်လာအောင် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်မှုတွေ ရှိနေတာကြောင့် လူစုလူဝေး အခမ်းအနား ပွဲလမ်းသဘင်တွေ မလုပ်ကြဖို့နဲ့ စစ်ကောင်စီလုပ်တဲ့ ပွဲတော်အခမ်းအနားအနီးအနားမသွားကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။