ရေးမြို့နယ် ကျောင်းရွာမှာ စစ်ကောင်စီကား ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာဘက်ကို ဝင်လာတဲ့ စစ်ကောင်စီကားတစီး ဒီကနေ ဒီဇင်ဘာ (၂၇)ရက် မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တပ်ဖွဲ့ဝင်အင်အား (၁၀)ဦး လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ စစ်ကားတစ်စီး ကျောင်းရွာဘက်ကို မောင်းနှင်ဖြတ်သန်းချိန်မှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ကျောင်းရွာ ဒေသခံ တဦးက DNA ကို ပြောပါတယ်။

“ဆိုင်ကယ်နဲ့ အိမ်ကနေအထွက်မှာပဲ သေနတ်ပစ်သံကြားလိုက်တာ၊ ချက်ချင်းအိမ်ဘက်လှည့်ပြန်လိုက်ရတာပေါ့၊ အဝေးကနေ လှမ်းကြည့်တာတော့ စစ်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ တောက်လျှောက် ပစ်နေတာပဲ၊ ကားကတော့ ခဏအရှိန်လျှော့သွားတယ်၊ နောက်ချက်ချင်းမောင်းပြေးသွားတာပဲ”လို့သူကပြောပါတယ်။

မျက်မြင်ဒေသခံက အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုရှိမရှိ အတည်မပြုနိုင်ပေမယ့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရေးဘီလူး အဖွဲ့ကတော့ အဲ့ဒီတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်က နှစ်ဦးကျဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီကားက ချက်ချင်းကားမောင်းနှင်ထွက်ပြေးသွားတာကြောင့် လက်နက် သိမ်းဆည်းနိုင်ခဲ့တာတော့ မရှိဘူးလို့ ရေးဘီလူးအဖွဲ့တာဝန်ရှိသူတဦးက အဲ့ဒီတပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ကျောင်းရွာ ရေးမြို့နယ်တောင်ဘက် သုံးမိုင်အကွာလောက်မှာရှိပြီး စစ်ကောင်စီကားဟာ တပ်တွင်းကကျောင်းသားတွေကို ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရေးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်ကလည်း ရေးမြို့မစခန်းမှူးလိုက်ပါလာတဲ့ ကားကို ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စခန်းမှူးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး လက်နက်တွေလည်းရခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုလအတွင်း ဒီဇင်ဘာ  (၂၄)ရက်ကလည်း ရေးမြို့နယ် ကြိုးတံတားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ ရေးပြောက်ကျားအဖွဲ့ (YGF)ပူးပေါင်း တပ်ဖွဲ့တို့က ပစ်ခတ်ခိုက်ခဲ့ပါသေးတယ်။