မော်လမြိုင်လေဆိပ်အနီးက ဆိုင်ခန်းတွေ တလအတွင်းဖျက်သိမ်းဖို့ စစ်ကောင်စီဖိအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လေဆိပ်အနီးက စျေးဆိုင်ခန်း ၆၀ ဝန်းကျင်ကို တလအတွင်းဖျက်သိမ်းပေးဖို့ စစ်ကောင်စီကဖိအားပေးညွှန်ကြားလာတယ်လို့စျေးဆိုင်ရှင်တွေကDNA ကိုပြောပါတယ်။

လေဆိပ်အနီးတဝိုက်မှာဖွင့်လှစ်ထားတဲ့စျေးဆိုင်ခန်းတွေဖြစ်တဲ့ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်ပစ္စည်းဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်၊ ပန်းဆိုင်တွေ အပါအဝင် ဆိုင်ခန်းပေါင်း (၆၀) ကျော်ကို လေဆိပ် နယ်မြေတိုးချဲ့မှာဖြစ်လို့ ဖေဖော်ဝါရီ လဆန်းမှာအပြီးဖျက်ပေးဖို့ လေကြောင်းပို့ဆောင်ရေးဌာနတာဝန်ရှိသူတွေက အကြောင်းကြားထား တယ်လို့ သိရပါတယ်။

“လေဆိပ်​မြေချဲ့ဖို့မလွတ်ဘူးဆိုပြီးတော့ဆိုင်ခန်းတွေကိုအကုန်ဖျက်ခိုင်းတယ်။လူကိုယ်တိုင်လာပြီးအသိပေးသွားတယ်။အကြောင်းကြာစာကိုပြပြီးတော့လက်မှတ်ထိုးခိုင်းလို့ထိုးပေးလိုက်ရတယ်”လို့ ဆိုင်ခန်းပိုင်ရှင် အမျိုးသမီး တဦးကပြောပါတယ်။

အခုဖျက်သိမ်းဖို့စေခိုင်းခံထားရတဲ့စျေးဆိုင်ခန်းတွေဟာနှစ် ၂၀ ကျော် ကနေ ၃၀ကျော်အထိ ဖွင့်လှစ်ရောင်းချ လာတဲ့ ဆိုင်ခန်းတွေဖြစ်ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ နရဲ့ခွင့်ပြုချက်အရတည်ဆောက် ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဆိုင်ခန်းတွေမှာ ရောင်းချသူတွေအနေနဲ့ အခန်းအနေအထားအရ တလ ကျပ်ငွေ ၆သောင်း ကနေ ကျပ် ၅သိန်းအထိအခွန်ငွေပေးဆောင်ရတဲ့ဆိုင်ခန်းတွေဖြစ်တယ်လို့စျေးဆိုင်ခန်းပိုင်ရှင်တွေကပြောပါတယ်။

စစ်ကောင်စီကစျေးဆိုင်ခန်းတွေကိုအတင်းအကျပ်ဖျက်သိမ်းဖို့စေခိုင်းတာကြောင့်စျေးဆိုင်တွေထပ်မံရှာဖွေဖို့အတွက်သာမကမှီခိုနေရတဲ့မိသားစုတွေအတွက်ပါအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုင်ရှင် တဦး ကဆိုပါတယ်။

“ဖျက်ဆိုတော့ဖျက်ရတော့မှာပေါ့၊အခုလိုအချိန်ကြီးဆိုင်ခန်းတခန်းရဖို့အတွက်မလွယ်ဘူး၊တမင်သပ်သပ်ကိုလုပ်ခိုင်းတာလို့ပဲမြင်တယ်၊မှီခိုရတဲ့မိသားစုတွေအတွက်တကယ့်ကိုအကျပ်ဖြစ်အောင်လုပ်တဲ့သဘောလို့ပဲထင်ပါတယ်”လို့သူကဆိုပါတယ်။

 ကရင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်လေယာဥ်တွေနဲ့ဂျက်တိုက်လေယာဥ်တွေအပါအဝင်တိုက်ခိုက်ရေးရဟတ်ယာဥ်တွေကိုတိုက်ခိုက်ဖို့နဲ့သယ်ယူပို့ဆောင်ရေးအတွက်မော်လမြိုင်လေဆိပ်ကိုအသုံးပြုနေတဲ့အပေါ်မမြင်တွေ့စေလိုတာကြောင့်လေဆိပ်အနီးစျေးဆိုင်ခန်းတွေကိုဖျက်သိမ်းခိုင်းတာဖြစ်နိုင်တယ်လို့မြို့ခံတွေကသုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ မော်လမြိုင်ခရီးစဉ်မှာ မော်လမြိုင်လေဆိပ်ကို နေရာအသစ်မှာ ရွှေ့ပြောင်းဖို့ ပြောဆိုခဲ့ပါသေးတယ်။လက်ရှိမော်လမြိုင်လေဆိပ်ဟာ မြို့၊တက္ကသိုလ်တို့နဲ့ နီးနေတဲ့အပြင် တိုးချဲ့ဖို့ကန့်သတ်ချက်တွေရှိနေတာကြောင့် နေရာအသစ်ကို ရွှေ့ပြောင်းမှာဖြစ်တယ်လို့ သူက ပြောခဲ့တာပါ။

အခုလအတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေချိန် မော်လမြိုင်လေဆိပ်ကို စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ခဲ့ပြီး လေဆိပ်အနီးလမ်းတွေကိုလည်း အသုံးပြုခွင့်ပိတ်ပင်ခဲ့တာကြောင့် အဲ့ဒီလေဆိပ်ကနေ စစ် လက် နက်ပစ္စည်းနဲ့ထောက်ပို့ လုပ်ငန်းတွေ လုပ်နေတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။