ထိုင်ဝမ်နားကို တစ်ရက်အတွင်း စစ်လေယာဉ် သုံးဒါဇင်ကျော်နဲ့ စစ်သင်္ဘော သုံးစီး တရုတ်စေလွှတ်

တစ်ရက်တာ အချိန်အတွင်း တရုတ်က စစ်လေယာဉ် သုံးဒါဇင်ကျော်နဲ့ စစ်သင်္ဘော သုံးစီးကို ထိုင်ဝမ် ရေပိုင်နက်နား စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မှာ ၂၄ နာရီ အချိန်အတွင်း တရုတ်ရဲ့ လေယာဉ် ၃၉ စီးနဲ့ စစ်သင်္ဘော ၃ စီးတို့က ထိုင်ဝမ် ရေလက်ကြားနားထိ ချဉ်းကပ်ခဲ့ကြကြောင်း ထိုင်ဝမ် အစိုးရက ကြေညာပါတယ်။

တရုတ်ရဲ့ စစ်လေယာဉ်တွေ ချဉ်းကပ်လာမှုကြောင့် ထိုင်ဝမ် လေကြောင်း ကာကွယ်ရေး တပ်ကလည်း တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေပြီး အခြေအနေ စောင့်ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ လေယာဉ်တွေထဲက အစီး ၃၀ လောက်ဟာ ထိုင်ဝမ် ရေလက်ကြားမှာ ထိုင်ဝမ်နဲ့ တရုတ်တို့ကြား ပိုင်းခြားထားတဲ့ စည်းကိုပါ ကျော်ခဲ့ကြတယ်လို့ ထိုင်ဝမ်က စွပ်စွဲပါတယ်။ တရုတ်ကတော့ ထိုင်ဝမ်ကျွန်းဟာ သူတို့ရဲ့ ပိုင်နက်နယ်မြေလို့ သတ်မှတ် ကြေညာထားပြီး ဆန္ဒရှိသလို ကင်းလှည့် ပျံသန်းမှုတွေ၊ ခုတ်မောင်းမှုတွေ လုပ်ဆောင်မယ်လို့ တင်းတင်းမာမာ ပြောဆိုထားပါတယ်။

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်တဝိုက်မှာ စစ်အင်အားပြ ခြိမ်းခြောက်တဲ့ သဘောမျိုးတွေကို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။ အထူးသဖြင့် ဩဂုတ်လတုန်းက အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ထိုင်ဝမ်ကို အလည်အပတ် ရောက်ရှိခဲ့တဲ့နောက်ပိုင်း တရုတ်ရဲ့ စစ်ရေးအင်အား ပြမှုတွေက ပိုပြီး အရှိန်တက်လာပါတယ်။

ဒီအတောအတွင်း အမေရိကန်က နောက်ဆုံး အတည်ပြုလိုက်တဲ့ အမျိုးသား ကာကွယ်ရေး ခွင့်ပြုမိန့် အက်ဥပဒေသစ်အရ ထိုင်ဝမ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ကာကွယ်ရေး အထောက်အပံ့တွေ ၂၀၂၇ ခုနှစ်အထိ ပေးပို့သွားဖို့ သတ်မှတ် ပြဋ္ဌာန်းပေးလိုက်ကြောင်းလည်း သိရပါတယ်။