ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (AA) တို့ အပစ်ရပ်ပြီးနောက် ရခိုင်ရိုးမမှာ စစ်တပ်အရာရှိတွေနဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး သစ်ခိုးထုတ်မှုကို အလုံးအရင်းနဲ့ လုပ်နေတယ်လို့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ သစ်လုပ်ငန်းနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။
အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းက ရိုးမပေါ်မှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး လမ်းတွေဖောက်ကာ သစ်တွေကို အလုံးအရင်းနဲ့ ခိုးထုတ်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“မကွေးတိုင်းအထိရောက်အောင် လမ်းဖောက်ပြီး ထုတ်နေကြတာ၊ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်တော့ မထုတ်လိုက်ရတာတွေ ရှိတယ်လေ၊ အခုအပစ်အခတ်ရပ်တဲ့ကာလမှာ အရင်ကထက် အရှိန်မြင့်ပြီး ထုတ်နေကြတာပါ၊ သစ်တင်ကားကြီးတွေ တောက်လျှောက်သွားနေတယ်” လို့ အမ်းမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီနှစ်ဘက် အပစ်မရပ်ခင်အထိ သစ်ခိုးထုတ်မှု အများအပြား လုပ်နိုင်တဲ့အခြေအနေမရှိဘဲ အခုအပစ်ရပ်ပြီးချိန်မှာ သိသိသာသာ မြင့်တက်လာတာလို့ ဆိုပါတယ်။
အရင်ကတည်းက ရခိုင်ရိုးမပေါ်က သစ်တွေကို ခိုးထုတ်လာခဲ့တဲ့ လုပ်ငန်းရှင်ကြီးတွေက စစ်ကောင်စီ တပ်နဲ့ ပေါင်းပြီးတော့ ထုတ်ယူနေတာဖြစ်တယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“စစ်ကောင်စီတပ်က တကယ့်လုပ်ငန်းရှင်ကြီးတွေကိုကျတော့ ပြန်ပြီးတော့ လွှတ်ပေးတာတွေ ရှိတယ်၊ မရှိဆင်းရဲသား လုပ်နေတဲ့သူတွေကိုကျတော့ ပစ္စည်းတွေ အကုန်သိမ်းတာပေ့ါ၊ ဆိုတော့ စစ်ကောင်စီကတော့ သစ်တောသယံဇာတတွေကို ထိန်းဖို့ဆိုတာထက် သူတို့အကျိုးအတွက် ထုတ်ယူဖို့ပဲ ရှိတယ်” လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါကြောင့် သဘာ၀ပတ်ဝန်းကျင်အတွက် အရေးပါတဲ့ သစ်တောတွေ မပြုန်းတီးစေရေးအတွက် ရက္ခိုင့်တပ်တော် (AA) အနေနဲ့ မူဝါဒတွေချမှတ်ပြီး စနစ်တကျ ထိန်းသိမ်းကြပ်မတ်ပေးဖို့ လိုအပ်တယ်လို့ သယံဇာတအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။
ရခိုင်ရိုးမပေါ်က သစ်တွေကို ခိုးထုတ်နေကြတဲ့သူတွေကို စစ်ကောင်စီတပ်က အကျိုးအမြတ်ယူပြီး အကာအကွယ်ပေးထားတယ်လို့ AA က ပြောထားဖူးပါတယ်။ AA အနေနဲ့ကတော့ သစ်တောထိန်းသိမ်းရေးနဲ့ပက်သက်လို့ မူဝါဒတွေ၊ ဥပေဒတွေ ရေးဆွဲပြီး လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုထားပါတယ်။
ရခိုင်အပြင် တစ်ခြားသော ဒေသတွေမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း သစ်တွေကို အလုံးအရင်းနဲ့ ခိုးထု တ်ကာ ပြည်ပသို့ ထုတ်ရောင်းနေတာတွေ ရှိတယ်လို့ သယံဇာတအရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေက ပြောထားကြပါတယ်။
သစ်ခိုးထုတ်မှုအပါအဝင် သဘာဝထွက် သယံဇာတတွေ ခိုးထုတ်တဲ့ မှောင်ခိုလုပ်ငန်းဟာ ခေတ်အဆက်ဆက် ထိန်းသိမ်းဖို့ခက်တဲ့ အရေးကြီးပြဿနာတရပ်အဖြစ် သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူတွေနဲ့ ပညာရှင်တွေက ထောက်ပြလာကြတာပါ။
လက်ရှိ အာဏာသိမ်းကာလမှာ သယံဇာတတွေ ခိုးထုတ်ခံနေရတဲ့အခြေအနေဟာ ပိုဆိုးလာပြီး အထိန်းအကွပ်မဲ့နေတယ်လို့ ဝေဖန်ထောက်ပြခံနေရပါတယ်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့တချို့က သစ်ခိုးထုတ်မှုတွေကို ဖမ်းဆီးအရေးယူတာတွေရှိသလို တချို့ဒေသတွေမှာတော့ အဲ့ဒီလို အရေးယူတဲ့ အခြေအနေမရှိပါဘူး။