စစ်အင်အား အလုံးအရင်း ချဲ့ထွင်တည်ဆောက်သွားမယ်လို့ ရုရှား အစိုးရ အတည်ပြု

ရုရှားရဲ့ အမြဲတမ်း စစ်တပ်အင်အားကို ချဲ့ထွင်သွားမယ်လို့ အစိုးရက ထုတ်ပြန်လိုက်ပြီး နောက်ထပ် တပ်မ အသစ်တချို့ပါ ထူထောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါဟာ ၁၀ လနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲမှာ တပ်အင်အား ပြုန်းတီးမှု အရမ်းများပြားခဲ့တာကို ပြန်ကာမိစေဖို့ ရုရှား စစ်တပ်က အသည်းအသန် အားထုတ်မှု တစ်ခုလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ စစ်သားသစ်တွေ ရှာဖွေစုဆောင်းဖို့ ဆိုတာက လက်ရှိ စစ်ပွဲရဲ့ ဂယက်ကြောင့် အရမ်း ခက်ခဲလိမ့်မယ်လို့လည်း ယူဆရပါတယ်။
ရုရှားဟာ အမြဲတမ်းတပ်ဖွဲ့ အင်အားကို လက်ရှိ ၁ သန်းလောက် ထားရှိရာက ၁ သန်းခွဲထိ မြှင့်တင်ဖို့ လျာထားကြောင်း သိရပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရွှိုင်ဂူက ရုရှားဟာ လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုတွေ ပြည့်မီအောင် ကိုင်တွယ် ဆောင်ရွက်ဖို့ တပ်အင်အား ၁ သန်းခွဲနီးပါး လိုအပ်ကြောင်း ပြောပါတယ်။ ရုရှားမှာ လောလောဆယ် တပ်အင်အား ၁ သန်းလောက် ရှိပြီး ယူကရိန်း စစ်မြေပြင်မှာ ၁ သိန်းလောက် ပြုန်းတီးခဲ့တယ်လို့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ယူဆထားပါတယ်။ အမေရိကန်မှာ စစ်အင်အား ၁.၄ သန်းရှိပြီး တရုတ်မှာ ၂ သန်းလောက် ရှိပါတယ်။
မူလက စစ်အင်အား ၁ သန်းလောက်နဲ့ ဖူလုံမှု ရှိမယ်လို့ ကရင်မလင် နန်းတော်က ယူဆခဲ့ပေမယ့်လည်း ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အဲဒီ အမြင်က ပြောင်းလဲလာဟန် ရှိပါတယ်။ ယူကရိန်းရဲ့ ပြင်းပြင်းပြပြ ခုခံမှုတွေဟာ ရုရှားရဲ့ နာမည်ကြီး စစ်တပ်ဟာ အရှက်တကွဲ အခြေအနေတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။
ဩဂုတ်လမှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကစလို့ ရုရှား စစ်အင်အားကို ၁ သန်းခွဲထိ မြှင့်တင်မယ့် အစီအစဉ် စတင်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။ နောက်တစ်လ အကြာမှာ ရုရှားဟာ နိုင်ငံအနှံ့က အရန်စစ်သည် ၃ သိန်းလောက်ကို ဆင့်ခေါ်ပြီး ရှေ့တန်း စစ်မြေပြင်ဆီ စေလွှတ်ခဲ့တာကြောင့် ဝေဖန်မှုတွေ အကြီးအကျယ် ခံခဲ့ရပါသေးတယ်။
ပူတင်က ရှေ့တန်း စေလွှတ်ခံရတဲ့ အရန်တပ်တွေကို လစာအဖြစ် ရူဘယ်လ်ငွေ ၁၉၅၀၀၀ ထက်မနည်း ရရှိစေမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါဟာ ဒေါ်လာ ၂၈၀၀ လောက်နဲ့ ညီမျှပြီး ရုရှားနိုင်ငံသားတွေရဲ့ အခြေခံ လစာထက် ၅ ဆလောက် များပြားကြောင်း သိရပါတယ်။